Homeသတင်းစက်သုံးဆီဈေးတက်၍ မွန်ပြည်နယ်အတွင်း ကုန်တင်ယာဉ်များ အစီးရေလျော့ချကာ ပြေးဆွဲနေ

စက်သုံးဆီဈေးတက်၍ မွန်ပြည်နယ်အတွင်း ကုန်တင်ယာဉ်များ အစီးရေလျော့ချကာ ပြေးဆွဲနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၆)

‌စက်သုံးဆီ‌ဈေးနှုန်းများ မြင့်တက်လာသောကြောင့် မွန်ပြည်နယ်အတွင်းက ကုန်တင်ယာဉ်များ အစီးရေလျော့ချကာ ပြေးဆွဲနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ကားအစီးရေ လျော့ချကာ ဆက်လက်လုပ်ကိုင်နေသူများ ရှိသလို လုပ်ငန်းလုံးဝရပ်နားလိုက်သူများလည်း ရှိနေကြောင်း ဈေးကြိုမှ ကုန်တင်ယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အရင်က လေးစီးထွက်တယ်။ အခုက နှစ်စီးနား‌ထားတယ်။ ကျန်တဲ့တစ်စီးကိုပဲ အလှည့်ကျ ထွက်နေတယ်။ ဆီဈေးနှုန်းနဲ့ လမ်းကြေးတွေနဲ့က ရတဲ့ကြေးနဲ့ မကာမိဘူး ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ကုန်တင်ယာဉ်လုပ်ငန်းများ ရပ်နားသွားပါက ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ဒီဇယ် တစ်လီတာ ၃၂၄၀ ကျပ်ထိ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်တွင်ဒီဇယ် တစ်လီတာ ၂၈၈၀ ကျပ် ပြန်လည်ကျဆင်းခဲ့သည်။

ထို့ပြင် လမ်းခရီးတွင် စစ်ဆေးဂိတ်များ ပိုများလာကာ တင်းကြပ်ထားသောကြောင့် လမ်းခရီး နှောက်နှေးမှုများလည်း ရှိနေကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လမ်းမှာက တော်တော်ကြာအောင် ကားလမ်းပိတ်တယ်။ တစ်စီးကို အကြာကြီးစစ်တယ် မေးတယ်။ လမ်းကြေးလည်း ခဏခဏပေးရတယ်။ လမ်းမှာဆို ကားတွေက ပိတ်နေရော။ ပုံမှန် ညနေဆို အခုက ညပိုင်းမှ ရောက်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများကြောင့် လုပ်သားလျော့ချမှုများ ရှိသော်လည်း တစ်ချို့လုပ်ငန်းများတွင်လုပ်ငန်းလုံးဝရပ်နားလိုက်သောကြောင့် ယာဉ်မောင်းတစ်ချို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

ထို့အတူ ညမထွက်ရအမိန့်များ၊ လုံခြုံရေးမရှိသော အနေအထားများကြောင့် ယာဉ်ပြေးဆွဲမှု နည်းလာကြောင်းသုံးသပ်မှုများလည်း  ရှိနေသည်။

Topic; #စက်သုံးဆီ #မွန်ပြည်နယ် #ကုန်တင်ယာဉ် #Monstate

စျေးကြိုကားဝင်းအတွင်း ကုန်တင်ကားကြီးများ ရပ်နားထားစဉ်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts