မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင်၊ ၁၂)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဘင်္ဂလန်ရေတံခွန်တွင် ယနေ့ (ဇူလိုင် ၁၂ ရက်) နေ့လည် ၁ နာရီခွဲ အချိန်ခန့်က အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သိရသည်။
လူမှုကယ်ဆယ်ရေအဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ ရေနစ်သူရဲ့ ရုပ်အလောင်းကို ရှာဖွေတာ ၁ နာရီနီးပါး ရှာဖွေခဲ့တယ်။ ညနေ ၃ နာရီကျော်မှ ကယ်ဆယ်ခဲ့တယ်” ဟု ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသွားသည့် အမျိုးသားမှာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို သံဖြူဇရပ်မြို့ မီးသတ်အဖွဲ့၊ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း၊ ပရဟိတများက ရှာဖွေဆယ်ယူခဲ့ကြကြောင်း သိရသည်။
ဘင်္ဂလန်ရေတံခွန်တွင် ဝါဆိုလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်း လူအသွားအလာ များပြားပြီး ရေနစ်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
