Homeသတင်းWHO ဝန်ထမ်းအသတ်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် သံသယရှိသူများကိုဖမ်းဆီး

WHO ဝန်ထမ်းအသတ်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် သံသယရှိသူများကိုဖမ်းဆီး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၄)

မော်လမြိုင်မြို့နယ်၊ သံလွင်ဥယျာဉ်အနီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် သံသယရှိသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

အသတ်ခံရသည့် WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်နှင့် လူမှုရေးအရ ရင်းနှီးသော အမျိုးသမီးကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခဲ့ခြင်း ၊ စစ်ဆေးပြီးနောက် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်စပ်သူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သူနဲ့ လူမှုရေးအရ ပတ်သတ်မှုရှိတဲ့ မိန်းကလေးကို အရင်ဆုံး ခေါ်ပြီး စစ်ဆေးတာ။ ပြီးမှ ဦးမျိုးမြင့်ထွဋ် အသတ်ခံရတယနဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့လူတွေကို ဖမ်းမိတာလို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ဇွန်လ ၈ ရက် ညနေ ၆ နာရီအချိန်တွင် WHO မှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် သိမ်ကုန်းရပ်ကွက်၊ သိပ္ပံကျောင်းလမ်း၊ သံလွင်ဥယျာဉ်ဘေးဝင်ပေါက် အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများအရ ပြီးခဲ့သည့် ဇွန် ၉ ရက် ည ၇ နာရီဝန်းကျင်က မော်လမြိုင်မြို့ မောင်ငံရပ်ကွက် ၀ါးပိုးလမ်းနှင့် ကမ်းနားလမ်းထောင့်၌ ချောင်းဆုံမြို့နယ်တွင် နေထိုင်သည့် အသက် ၂၁ နှစ် အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံက ဗုံးသီးတစ်လုံး၊ ပစ္စတိုတစ်လက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား၏ ထွက်ဆိုချက်အရ ည ၉နာရီအချိန်တွင် မော်လမြိုင်မြို့ ကွင်းရပ်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အမျိုးသားတစ်ဦး ခုန်ချထွက်ပြေးခဲ့သောကြောင့် သေဆုံးခဲ့ပြီး အတူနေ အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ လက်လုပ်မိုင်းတစ်လုံးကို ရှာဖွေသိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းတို့နှင့် ဆက်စပ်ပြီး မော်လမြိုင်မြို့ မုပွန်ရပ်ကွက် တိုးချဲ့ (၇) လမ်းရှိ နေအိမ်တစ်လုံးကို ဆက်လက်ရှာဖွေခဲ့ရာ သေနတ်တစ်လက်နှင့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူများ၏ ထွက်ဆိုချက်များအရ ဆက်စပ်သူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ WHO ဝန်ထမ်း အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြီးခဲ့သည့် သောကြာနေ့တွင် အပြင်းအထန် ရှုတ်ချလိုက်ကြောင်း၊ ထို့အပြင် ထင်သာမြင်သာရှိပြီး ပြည့်ဝသည့်စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့၊ ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အပြစ်ပေးအရေးယူရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts