Homeသတင်းရေးမြို့နယ်ထွက်ငါးခြောက် ယခင်လများထက် တစ်ဝက်ခန့် ဈေးတက်

ရေးမြို့နယ်ထွက်ငါးခြောက် ယခင်လများထက် တစ်ဝက်ခန့် ဈေးတက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂)

မွန်ပြည်နယ်၊ ရေးမြို့နယ်ဒေသထွက်မှ ထွက်ရှိသော ငါးခြောက်ဈေးများ ယခင်လများထက် ဈေးနှုန်း တစ်ဝက်ခန့် မြင့်တက်လာခဲ့ကြောင်း ငါးခြောက် လက်လီလက္ကားရောင်းချနေသူများထံက သိရသည်။

ဈေးကွက်အတွင်း ငါးအဝင်နည်းလာသောကြောင့် ငါးခြောက်ဈေး မြင့်တက်လာရခြင်း ဖြစ်ကြောင်း ငါးခြောက် ရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။

“ဒီနှစ်က ငါး အရနည်းတယ်ပဲ ပြောရမှာ။ လှေတွေလည်း အများကြီး မထွက်နိုင်ကြဘူး။ ဆီဈေးတက်တယ်။ ငါးဖမ်းပစ္စည်းတွေ မဝယ်နိုင်ကြဘူး။ လှေလုပ်ငန်းနားကြတယ်။ အဲတော့ ငါးလည်း သိပ်မရကြဘူး။ ဈေးကွက်ထဲမှာ ငါးခြောက်ဈေးတွေ တက်လာတာပေါ့”ဟု ၎င်းက ပြောသည်။

ငါးဖမ်းထွက်ရန် ကုန်ကျစရိတ် ငွေကြေးအခက်အခဲကြောင့် စက်လှေလုပ်ငန်းတစ်ချို့ ရပ်နားလာကြပြီး ဈေးကွက်အတွင်းလည်း ငါးရရှိမှုနှုန်းလည်း လျော့ကျလာကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည် ‌မတ်လနှင့် ဧပြီလအတွင်း ငါးရောင်ခြောက် တစ်ပိဿာ ငွေကျပ် ၇၀၀၀ ၊ ငါးနှပ်ခြောက် တစ်ပိဿာ‌ငွေကျပ် ကျပ် ၈၀၀၀၊ ငါးပုတ်သင် တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငါးကွမ်းရှပ် ၂၁၀၀၀ ကျပ်နှင့် ငါးရွှေခြောက် ၇၀၀၀ ကျပ် ဈေးရှိခဲ့ကြောင်း သိရသည်။

ယခုတွင် ငါးရွှေခြောက် တစ်ပိဿာ ၁၃၀၀၀ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ၄၂၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့် ငါးရောင်ခြောက် တစ်ပိဿာ ၁၈၀၀၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်လာခဲ့သော်လည်း ဈေးကွက်အတွင်း ငါးခြောက်အရောင်းအဝယ် အေးနေကြောင်း ငါးခြောက်လက်လီလက္ကားရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။

“ဈေးက တက်လာတာပဲရှိတယ်။ အရောင်းအဝယ်က ထင်သလောက်မရှိပါဘူး။ နည်းနည်းပဲ။ ပုံမှန်လောက်ပဲ ရောင်းရတယ်။ တစ်ခါတစ်လေ အရောင်းအဝယ်တောင် မရှိဘူး”ဟု ၎င်းက ပြောသည်။

ငါးခြောက်ဈေးတက်လာသောကြောင့် မန္တလေး၊ ရန်ကုန်၊ မြဝတီ နှင့် ပြည်နယ်တစ်ချို့မှ ငါးခြောက်မှာယူမှုများလည်း ရပ်နားနေကြောင်း ဆက်ပြောသည်။

ရေးမြို့နယ်၏ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းတွင် ရေလုပ်သား ထောင်ချီ လုပ်ကိုင်လျက်ရှိပြီး ငါးဖမ်းစက်လှေ အစီးပေါင်း ၈၀၀ ကျော်ဖြင့် နှစ်စဉ် လုပ်ကိုင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts