spot_img
Sunday, February 22, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် CNPFD တိုက်တွန်း

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် CNPFD တိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃၀)

    လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CNPFD) မှ တိုက်တွန်းခဲ့သည်။

    လက်ရှိမှာ ပြည်သူလူထုများ ပဋိပက္ခအမျိုးမျိုးကြားတွင် ခံစားနေရကြောင်း ယင်းအတွက်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းကြောင်း CNPFD မှ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက ပြောသည်။

    “အခုနား ပြောသလို ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရမယ် ဆိုတာ ဒီနေ့ ပဋိက္ခဖြစ်နေတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ကျနော်တို့က အသိအမှတ်ပြုတယ်၊ လေးစားတယ်၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းရဲ့ စေ့ဆော်မှုကြောင့်မှာလည်း ကျနော်တို့က ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လုပ်ပါလို့ တိုက်တွန်းတာ မဟုတ်ဘူး၊ ကျနော်တို့ တစ်ချိန် တစ်ခါမှာ အချိန်အတိုင်းအတာလေး တစ်ခုမှာပေါ့လေ၊ အမြန်ဆုံးတွေ့ဆုံနိုင်လေ ကျနော်တို့ ပြည်သူလူထုရဲ့ နှစ်ဖက်ကြားမှာ ကြားညှပ်နေတဲ့ ပြည်သူလူထု ပဋိပက္ခအမျိုးမျိုးကနေ၊ အန္တရာယ်ဆိုး အမျိုးမျိုးကနေပြီးတော့ ကျော်လွားနိုင်စေတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါလို့ ဆိုလိုတာ အဲဒီတော့ ဒီနိုင်ငံရေးပြဿနာဖြစ်နေတဲ့ ပဋိပက္ခဒီမှာပါနေတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို မဆို ကျနော်တို့ အဖွဲ့အစည်းက အသိအမှတ်ပြုတယ်၊ လေးစားတယ်ဆိုတာတော့ နဂိုကတည်းက ကျ‌နော်တို့ မူဝါဒပါ” ဟု ဦးတင်ဦးက ပြောသည်။

    လက်ရှိ ပြဿနာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ အစပြု၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် တပ်မတော်က အာဏာရယူသည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ တိုင်းပြည်မှာ ချောက်ထဲကျနေကြောင်း ၎င်းက ပြောသည်။

    ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ထိခိုက်ခံစားနေရသော ပြည်သူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များအား ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အရပ်သားပြည်သူများ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး တို့မှ တိုက်ပွဲရှောင်များကို ကူညီသွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

    ဦးတင်ဦးက “ကရင်ရယ်၊ ချင်းရယ် ကျနော်တို့ မြေလတ်မှာ ဖြစ်နေတဲ့ PDF နဲ့ စကစ တိုက်ပွဲတွေမှာ ဖြစ်နေတဲ့ နယ်မြေက NCA ထိုးပြီးသား အဖွဲ့တွေနဲ့ EAO တွေရဲ့ ပံ့ပို့ကူညီမှုနဲ့ သူတို့နဲ့ စကစဆီကို ကျနော်တို့က မေတ္တာရပ်ခံ တယ်၊ အတိဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို ကူညီမယ်လို့တော့ ပဏာမတော့ ကျနော်တို့ သဘောတူညီ ထားတာ ရှိတယ်။ တစ်ဖက်က စကစရဲ့ သဘောတူညီမှုလည်း ယူရမယ်၊ မြေလတ်မှာ ဖြစ်နေတဲ့ ပြဿနာပေါ့။ တိုင်းရင်းသား နယ်မြေတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင် EAO၊  NCA ထိုးပြီးသား အဖွဲ့တွေရဲ့ ပံ့ပို့ကူညီ မှုနဲ့ ကျနော်တို့က ပဋိပက္ခနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက် ကိုင် တော်လှန်ရေး လှုပ်ရှားမှုများ ကျယ်ပြန့်လာခဲ့သည်။

    လက်ရှိတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ ကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

    အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသလို လူသားချင်း စာနာထောက်ထားမှု အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

    အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နစကကောင်စီတို့ ဆွေးနွေးပြီး မြန်မာ့အကျပ်အတည်း အဆုံးသတ်ရန် အာဆီယံက ဆောင်ရွက်ရေး အမေရိကန်အနေဖြင့် တိုက်တွန်းကြောင်း၊ မြန်မာပြည်အကျိုးစီးပွားအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မည့် ဘယ်လိုကြိုးပမ်းမှုမဆို အမေရိကန်အနေဖြင့် ဆက်ပြီးထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ Michael Heath သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာကို  မေ ၂၈ ရက် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks