Homeသတင်းစံခလဘူရီတွင် ရေခမ်းခြောက်မှုကြောင့် “သေမင်းတမန်ရထားလမ်း” ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ပေါ်

စံခလဘူရီတွင် ရေခမ်းခြောက်မှုကြောင့် “သေမင်းတမန်ရထားလမ်း” ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ပေါ်

-

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့၏ မြစ်ခွဲတစ်ခုဖြစ်သည့် ရန်တီမြစ်(Ranti River)တွင် နွေရာသီအတွင်း ရေခမ်းခြောက်မှုကြောင့် ဒုတိယကမ္ဘာစစ်ကာလအတွင်းက တည်ဆောက်ခဲ့သော “သေမင်းတမန်ရထားလမ်း” အစိတ်အပိုင်းများ ပြန်ပေါ်လာနေကြောင်း သိရသည်။

ထိုရထားလမ်းသည် ထောင်ဖာဖွန်မြို့နယ်အတွင်းရှိ ဝချိရလုံဂွန်ရေကာတာ (Vajiralongkorn Dam) ကို တည်ဆောက်ခဲ့သည့် ၁၉၈၄ ခုနှစ်နောက်ပိုင်း နစ်မြုပ်နေခဲ့ခြင်းဖြစ်ပြီး ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပေါ်လာခြင်းဖြစ်သည်။

ထောင်ဖာဖွန်မြို့ ရန်တီတံတား(Ranti Bridge) မှ စံခလဘူရီမြို့အဝင် သုံးလမ်းဆုံးနေရာထိ အကျယ် ၄ မီတာ၊ အကွာအဝေး ၈ ကီလိုမီတာခန့်ရှိသည့် သေမင်းတမန် မီးရထားလမ်းကို သဲကျောက်လမ်းအဖြစ်တွေ့မြင်ရကြောင်း စံခလဘူရီ ဒေသခံတစ်ဦးက ဆိုသည်။

“ဟိုအရင်ကဆို သံရထားလမ်းပေါ့။ နောက်ပိုင်း ဒေသခံတွေက သံတွေကို ယူသွားကုန်တော့၊ သဲကျောက်လမ်းအဖြစ်ပဲ ကျန်နေခဲ့တယ်” ဟု ဆိုသည်။

ထို့အပြင် ရန်တီမြစ်အလယ်တွင် ကမ္ဘာစစ်ကာလက ရထားခေါင်းများ ရေဖြည့်ရာနေရာအဖြစ် အသုံးပြုခဲ့သည့် အရွယ်အစား (၁၀ မီတာ × ၁၀ မီတာ) ခန့်ရှိသော ကွန်ကရစ်ရေတွင်းတစ်ခုကိုလည်း တွေ့ရှိခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ရန်တီမြစ်အတွင်းရှိရေများ တစ်ရက်ထက်တစ်ရက် ဆက်လက်လျော့ကျနေမည်ဖြစ်ပြီး သေမင်းတမန်ရထားလမ်း အစိတ်အပိုင်းများကို မိုးမကျမီ ဧပြီလမှ ဇွန်လအထိ မြင်တွေ့နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။

“၂၀၂၅ ခုနှစ် မြန်မာနိုင်ငံကို ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းအစိုးရက ထောင်ဖာဖွန်က ရေကာတာကို ထိခိုက်မှုရှိမရှိ စစ်ဆေးနေတာကြောင့် ရေမထုတ်ဘူးလို့ သိရတယ်။ အဲဒါကြောင့် ရန်တီမြစ်ဘက်မှာ ရေက အရင်နှစ်တွေထက် ပိုကျသွားတာပါ” ဟု စံခလဘူရီဒေသခံတစ်ဦးက ပြောသည်။

ထိုင်းအဏာပိုင်များက သမိုင်းကြောင်းစိတ်ဝင်စားသူ ခရီးသွားများ အဆိုပါသေမင်းတမန်ရထားလမ်းကို သင်္ကြန်ပွဲတော်ကာလ ရုံးပိတ်ရက်အတွင်း သွားရောက်လေ့လာကြည့်ရှုရန် ဖိတ်ခေါ်ထားသည်။

“သေမင်းတမန်ရထားလမ်း” ကို ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်အစိုးရက ၁၉၄၂ ခုနှစ် အောက်တိုဘာမှ ၁၉၄၃ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ထိုင်းနိုင်ငံ ကန်ချနပူရီမြို့မှစတင်ပြီး မြန်မာနိုင်ငံ သံဖြူဇရပ်မြို့တွင် ဂိတ်အဆုံးအဖြစ် ဆောက်လုပ်ခဲ့သည်။

ရထားလမ်း တည်ဆောက်ရေးကာလတွင် မဟာမိတ်သုံ့ပန်းများနှင့်အတူ မြန်မာ၊ အိန္ဒိယ၊ မလေးရှားအပါအဝင် အာရှလုပ်သားပေါင်း သိန်းနှင့်ချီ အဓမ္မစေခိုင်းခံခဲ့ရပြီး စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို ထင်ဟပ်စေသည့် အထိမ်းအမှတ်နေရာအဖြစ်လည်း ဆိုနိုင်သည်။

ကိုးကား-Khaosod English

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts