spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးSNLD နိုင်ငံလုံးဆိုင်ရာညီလာခံမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ပြန်လည်ရွေးချယ်

    SNLD နိုင်ငံလုံးဆိုင်ရာညီလာခံမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ပြန်လည်ရွေးချယ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၉)

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏  နိုင်ငံလုံးဆိုင်ရာညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို မေလ ၂၇ တွင် အသစ်ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မေလ ၂၆ ရက်မှ ၂၇ ရက်ထိ ၂ ရက်တာ ကျင်းပခဲ့သည့် ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် (၃၁)ဦး အပါအဝင် ဗဟိုကော်မတီဝင် (၁၁၇) ဦးကိုလည်း ပါတီဖွဲ့စည်းပုံ စည်မျဉ်းနှင့်အညီ ပြန်လည် ရွေးကော်တင်မြှောက်နိုင်ခဲ့သည်။

    အဆိုပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှာ ဥက္ကဋ္ဌ အဖြစ် စိုင်းညွန့်လွင်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် စိုင်းခမ်းပိုင်ဖ (ခ) စိုင်းခင်မောင်ညွန့်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် စိုင်းလှဖေ (ခ) လုံးဆေယွမ်၊ အထွေထွေ အတွင်းရေးမှူး စိုင်းလှ (ခ) စိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့် အစရှိသဖြင့် ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

    SNLD ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး အချက် (၈) ချက်ပါသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။


    ထို့အတူ မွန်ညီညွတ်ရေးပါတီ MUP မှ SNLD နိုင်ငံလုံးဆိုင်ရာညီလာခံသို့ ပေးပို့သောသဝဏ်လွှာ၌ “လက်ရှိ နိုင်ငံရေးအခြေအနေတွင် ဘဝတူတိုင်းရင်းသားလူမျိုးများအားလုံး စုစည်းညီညွတ်ရေးသည် အမှန်တကယ်လိုအပ်ချက်တခု ဖြစ်လျက်ရှိနေပါကြောင်း ယုံကြည်ပါသည်”ဟု ဆိုသည်။  

    SNLD အနေဖြင့် လက်ရှိ ပဋိပက္ခတွင် စီးမျောမသွားပဲ ၎င်းတို့ပါတီ၏ မူဝါဒအတိုင်း ရပ်တည်နေကြောင်း SNLD ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ အနားယူခဲ့သူ ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်ရဲဇော်က ပြောသည်။

    “ကျနော်ကတော့ SNLD ဟာ တိုင်းရင်းသားပါတီတွေထဲကတော့ ကျနော်အမြင်ပေါ့နော်၊ ဘာပဲပြောပြော နိုင်ငံရေး ဦးဆောင်မှုရှိတယ်၊ နောက်ပြီးတော့ တိုင်းရင်းသားတွေ ကိုယ်စားပြုမှုရှိတယ်၊ နောက်ပြီးတော့ ဖက်ဒရယ်အရေးပေါ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကိုလည်း သူက မဆုတ်မနစ်ပဲနဲ့ လုပ်ခဲ့တယ်၊ အခုဖြစ်တဲ့ အရေးမှာလည်း သူပြောသလိုပေါ့ ဒီပဋိက္ခတွေကြားမှာ စီးမျောမသွားပဲနဲ့ အဲဒါကို ကျနော် သဘောကျပါတယ်၊ သူတို့ ပြောတဲ့ အယူအဆ၊ ပဋိက္ခတွေကြားမှာ စီးမျောမသွားပဲ သူတို့ ရပ်တည်နေတာ အဲလို ရပ်တည်တဲ့ အနေအထားကြောင့် သူတို့ကို အပြစ်ပြောတဲ့လူလည်းရှိတယ်၊ ချီးမွန်းတဲ့လူလည်း ရှိတာပေါ့၊ သို့သော် သူတို့က စီးမျောမသွားခဲ့ပဲနဲ့ သူတို့ရဲ့ အယူအဆအတိုင်းပဲ ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကိုတော့ ကျနော်ကတော့ အသိအမှတ်ပြုမိပါတယ်” ဟု နိုင်ရဲဇော်က ပြောသည်။

    အပြောင်းအလဲ မြန်ဆန်နေသည့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းများတွင် “တရားဓမ္မ” ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံးပါဝင်ဆောင်ရွက်ရန် SNLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အလားတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲသွားရန်၊ တိုင်းပြည်၏ အသက်သွေးကြောဖြစ်သည့် ကောင်းမွန်သော ပညာရေးစနစ် တိုးတက်မြင့်မားရေးအတွက် တွန်းအားပေးဆောင်ရွက်သွားရန် ဖော်ပြထားသည်။

    Photo-Naing Ye Zaw

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks