Homeသတင်းမွန်ပြည်နယ်တွင် ဝဥ အထွက်နှုန်းများသော်လည်း ပြည်ပတင်ပို့ရန် ခက်ခဲနေ

မွန်ပြည်နယ်တွင် ဝဥ အထွက်နှုန်းများသော်လည်း ပြည်ပတင်ပို့ရန် ခက်ခဲနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၈)

မွန်ပြည်နယ်အတွင်း ယခုနှစ် ဝဥ အထွက်နှုန်းများသော်လည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် အခက်အခဲရှိနေကြောင်း ဝဥ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဝဥများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသော်လည်း ကိုဗစ်စည်းကမ်းများ သတ်မှတ်ချက်ကြောင့် တင်ပို့ရောင်းချရန် အခက်အခဲရှိနေကြောင်း မော်လမြိုင်မြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ပြည်နယ်အတွင်းမှာကျတော့ ဒီတိုင်းပဲ ရောင်းချတာတွေလုပ်တယ်။ ဒီကနေကျတော့ ဝဥကို ကုန်ကြမ်းအတိုင်း ရန်ကုန်ကိုပဲ ပို့တယ်။ ရန်ကုန်ကတစ်ဆင့်ကုန်ချောပြီး တရုတ်ကိုပို့တယ်။ အခုက ရန်ကုန်ကလည်း ကုန်ကြမ်းမယူတော့ဘူး။ တရုတ်ကို ပို့မရလို့။ အဲတော့ ပြည်တွင်းမှာပဲ များနေတာပေါ့”ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်းက ထွက်ရှိသော ၀ဥများကို တရုတ်နိုင်ငံကို အဓိက တင်ပို့နေပြီး စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံသို့လည်း အနည်းငယ် တင်ပို့မှု ရှိနေကြောင်း သိရသည်။

ကုန်ချော ကုမ္ပဏီများမှ ဝယ်ယူပါက ဈေးနှုန်းပိုမိုရရှိသောကြောင့် ဝဥရောင်းချသူများ အဆင်ပြေကြောင်း ၀ဥရောင်းနေသူ တစ်ဦးက ပြောသည်။

“ဒီတိုင်းရောင်းမယ်ဆို တစ်ပိဿာကို ၄၀၀၀ ပဲရတယ်။ ကုမ္ပဏီတွေက ဝယ်ရင် တစ်ပိဿာကို ၇၀၀၀၊ ၈၀၀၀ ပေးတယ်။ အဲဒီကိုရောင်းရရင် ပိုက်ဆံပိုရတာပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်ပတင်ပို့ရန် ခက်ခဲနေသောကြောင့် ကုမ္ပဏီများမှလည်း ဝယ်ယူမှု ရပ်နားထားပြီး ပြည်တွင်း၌သာ ရောင်းချနေ‌ရကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံတွင် ဝဥအမှုန့်ကို ဆေးဝါးဖော်စပ်ရန် နှင့် ဟင်းချက်စား‌သောက်ရန် အများဆုံး ဝယ်ယူ အသုံးပြုကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts