Homeသတင်းမွန်ပြည်နယ်တွင်း ဆားကြမ်းဈေးနှုန်းများ ပြန်ကျ

မွန်ပြည်နယ်တွင်း ဆားကြမ်းဈေးနှုန်းများ ပြန်ကျ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၂)

မွန်ပြည်နယ်အတွင်း ဆားဖျက်မိုးကြောင့် နေလှန်းဆားကွင်းများ ပျက်စီးကာ ဆားကြမ်းဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း ဧပြီလတွင် ဈေးနှုန်းများ ပြန်လည် ကျဆင်းလာကြောင်း ဆားတောင်သူများ ထံက သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ဆားကြမ်း တစ်ပိဿာ ၃၅၀ ကျပ်ထိ စံချိန်တင် အမြင့်ဆုံး ဈေးတက်ခဲ့ကြောင်း ဆားတောင်သူ ဦးကျော်သူက ပြောသည်။

“ဈေးနှုန်းက အခုလက်ရှိက ၂၅၀၊ ပထမက ၃၅၀ ထိ တက်သွားတယ်။ အဓိကက ပစ္စည်းပျက်လို့။ အခု နေလည်း နည်းနည်းပြန်ပူတော့ ဆားတွေ ကြုံးရတော့ ဆားဈေးတွေ ပြန်ကျကုန်တာပေါ့”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းက နေလှန်းဆားကွင်းများ ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလတွင် ဆားကွင်းဖျက်မိုးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

မတ်လအတွင်းမှာလည်း တတိယအကြိမ် ဆားကွင်းဖျက်မိုးနှင့် ထပ်မံ ကြုံတွေ့ခဲ့ရသောကြောင့် ဆားတန်ချိန် သောင်းချီ ဆုံးရှုံးခဲ့ရသည်။

ဆားဖျက်မိုးကြောင့် ယခုနှစ်တွင် ဆားအထွက်နှုန်း လျော့ကျမည် ဖြစ်ကြောင်း သံဖြူဇရပ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။

“ဒီနှစ်က တောင်သူတွေ အထိခိုက်များတာပေါ့။ ဆားဈေးတွေတက်လာပေမယ့် အမြတ်သိပ်မရဘူး။ ကြုံးလို့ရသလောက်ပဲ ရောင်းရတာကိုး ပစ္စည်းက ပျက်တယ်လေ။ အခုမှ ပြန်စရမှာပေါ့”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့တို့တွင် အဓိက ထုတ်လုပ်နေပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။

ပြည်နယ်အတွင်းမှ ထွက်ရှိသော ဆားများကို ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ မြဝတီအပါအဝင် တိုင်းနှင့် ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေကြောင်း သိရသည်။

မွန်ပြည်နယ်ဆားကွင်းလုပ်ငန်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts