Homeငြိမ်းချမ်းရေးကျိုက်ထို EPC ရုံး ဗုံးပေါက်၊ ဝန်ထမ်း တစ်ချို့ ဒဏ်ရာရ

ကျိုက်ထို EPC ရုံး ဗုံးပေါက်၊ ဝန်ထမ်း တစ်ချို့ ဒဏ်ရာရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၆)



မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်က မြို့နယ် လျှပ်စစ်ရုံးကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းက ဗုံးပစ်ခံရပြီး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးအတွင်းက လျှပ်စစ်မီတာ ကောက်ခံ‌သည့် အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့ပဲ ဗုံးပစ်ထည့်သွားတာ။ ဘယ်သူတွေလဲတော့ မသိလိုက်ကြဘူး။ ပေါက်ကွဲသံကြားမှ သိကြတာပေါ့။ ရုံးထဲမှာက ဝန်ထမ်းနည်းနည်းကျန်နေတော့ သူတို့တော့ ထိခိုက်သွားတာပေါ့”ဟု ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသည့် ဝန်ထမ်းများကို ကျိုက်ထို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

ကျိုက်ထိုမြိုနယ် ဒေသခံတစ်ဦးက “အခုတော့ ရှာဖွေတာတွေ လုပ်နေတယ်။ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လာပစ်တာဆိုတော့ အဓိကကတော့ နှစ်ယောက်စီးဆိုင်ကယ်တွေကို ပိုစစ်တယ်။ မေးတယ် မြန်းတယ်”ဟု ပြောသည်။

လက်ရှိတွင် လျှပ်စစ်ရုံးအရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လမ်းပေါ်သွားလာသူများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးအတွင်းက လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်း၏ နေအိမ် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts