Homeငြိမ်းချမ်းရေးဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ် ၃ နှစ်ထပ်တိုးပြီး စုစုပေါင်းထောင်ဒဏ် ၈၀ နှစ်ချမှတ်ခံထားရ

ဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ် ၃ နှစ်ထပ်တိုးပြီး စုစုပေါင်းထောင်ဒဏ် ၈၀ နှစ်ချမှတ်ခံထားရ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၂၂)

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို​ ရွေးကောက်ပွဲမဲမသမာမှုဖြင့် ထောင်ဒဏ် ၃ နှစ်ထပ်မံကျခံရန် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဘားအံမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ်အနှစ် ၈၀ ကျခံရမည်ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူများထံမှ သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ​ဖြင့် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်တွင်း၌ စွဲချက်တင်ခံခဲ့ရပြီး အမြင့်ဆုံး ပြစ်ဒဏ် ထောင်သုံးနှစ် ထပ်မံချမှတ်ခံရကာ စုစုပေါင်းထောင်ဒဏ် အနှစ် ၈၀ အထိ ချမှတ်ခံထားရသူ ဖြစ်သည်။

“ကာယကံရှင်မိသားစုတောင် မသိလိုက်ဘူးဖြစ်သွားတာ။ ရှေ့နေလည်း မငှားလိုက်ရဘူး။ ဒေါ်နန်းခင်ထွေးမြင့်ကလည်း ဘာမှမပြောဘူးလို့ပြောတယ်။ ဝန်လည်းမခံဘူး။ ဖြေရှင်းချက်လည်း မပေးဘူး။ ဘာတစ်ခွန်းမှမပြောဘူးလို့ ပြန်သိရတယ်။ ဒီကနေ့မနက်မှ သူ့မိသားစုလည်း သိရတယ်။ အခုကျန်းမာရေးလည်းသိပ်မကောင်းဘူးလို့ ပြောတယ်”ဟု ဒေါ်နန်းခင်ထွေးမြင့်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀-ကသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)အတွက် ​အောက်တိုဘာလတွင် ထောင်ဒဏ် ၂ နှစ်၊ အဂတိအမှု ၄ မှုအတွက် တစ်မှုလျင် ထောင်ဒဏ် ၁ ၅နှစ်ဖြင့် ထောင်ဒဏ် ၇၅ နှစ် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့တွင် စုစုပေါင်း ထောင်ဒဏ် ၇၇ နှစ်ချမှတ်ခံခဲ့ရသည်။

အလားတူ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ‌အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် နောက်ထပ် အမှု ၃ မှုထပ်တိုး၍ တရားစွဲဆိုထားသဖြင့်  ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန်မှ လက်ရှိအချိန်အထိ အမှုပေါင်း ၁၃ မှု တရားရင်ဆိုင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts