Homeငြိမ်းချမ်းရေးမွန်ပြည်နယ်အကျဥ်းထောင်များတွင် ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦး ပြန်လွှတ်ပေး

မွန်ပြည်နယ်အကျဥ်းထောင်များတွင် ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦး ပြန်လွှတ်ပေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၉)

မွန်ပြည်နယ်အကျဥ်းထောင်များတွင် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရကာ ပြစ်ဒဏ်ကျခံနေသူ ၃၅ ဦးကို အောက်တိုဘာ ၁၈ ရက် ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်အကျဉ်းဦးစီး တာဝန်ရှိသူတစ်ဦးက ပြောသည်။


ပြန်လွှတ်ပေးသည့်သူများတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့်အတွက် အမှုရင်ဆိုင်နေရသူများနှင့်ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ကျနေသူ အမျိုးသား ၃၁ ဦး နှင့် အမျိုးသမီး ၄ ဦးတို့ ပါဝင်ကြောင်း ၄င်းကဆက်ပြောသည်။


“ပုဒ်မ ၅၀၅ (က) ပဲ။ အရပ်သားတွေပဲ ပါတယ်။ ကျောင်းသား ခေါင်းဆောင်တို့၊ အနုပညာတို့၊ နောက်တော့ ဆယ်လီတို့ ဘာတို့ မပါဘူးဗျ”ဟု ၎င်းက ပြောသည်။

မတ်လအတွင်းက သတင်းရယူနေစဉ် သေနတ်နှင့်ပစ်ခတ်ခံရပြီး ဖမ်းဆီးခံခဲ့ရသည့် ကျိုက်ထိုမြို့နယ်သတင်းထောက် ကိုထက်မြက်သူအား ယနေ့တွင် သထုံအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အရပ်သားပြည်သူ၊ သတင်းထောက် နှင့် နိုင်ငံရေးသမားတစ်ချို့ ပါဝင်ပြီး မော်လမြိုင်အကျဉ်းထောင်၊ ကျိုက်မရော နှင့် သထုံအကျဉ်းထောင်တို့မှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက “၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအချိန်ထိ မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃ ဦး ပြန်လည်လွတ်မြောက်လာကြောင်း” ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြပွဲများအတွင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂ ဦး ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာသူကျောင်းသား ၃ ဦးသာ ရှိသေးကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံ(တောင်ကလေး) ကျဉ်းထောင်၌ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ချခံထားရသူ ၇၁ ဦးအား အောက်တို့ဘာ ၁၈ ရက် ညနေပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဆန္ဒပြရာတွင်ပါဝင်ခဲ့သောကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦး နှင့် အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးတို့ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) နေ့လည်ပိုင်းတွင် အစိုးရရုပ်သံများမှ ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts