Homeငြိမ်းချမ်းရေးMUP ဥက္ကဋ္ဌ နိုင်တင်အောင်ကွယ်လွန်ခြင်းအပေါ် ပါတီအသင်းအဖွဲ့အသီးသီးတို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

MUP ဥက္ကဋ္ဌ နိုင်တင်အောင်ကွယ်လွန်ခြင်းအပေါ် ပါတီအသင်းအဖွဲ့အသီးသီးတို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၃)

မွန်ညီညွတ်ရေးပါတီ (MUP)၏ ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် ကွယ်လွန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ NMSP, အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့အပါအဝင် ပါတီအသင်းအဖွဲ့အသီးသီးတို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ ခဲ့သည်။

အသက် ၈၅ နှစ်အရွယ်ရှိ နိုင်တင်အောင်သည် အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ကြွင်းကျန်သည့်ရုပ်ကလာပ်ကို ပငသုဿာန်၌ ယနေ့ (အောက်တိုဘာ ၁၃ ရက်) မွန်းလွဲ ၁ နာရီတိတိအချိန် မီးသင်္ဂြိုလ်စျာပနအခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်။

MUP ဒုဥက္ကဌ အမိန့်စာပြန်တမ်းဖတ်ကြားစဥ်

စျာပနအခမ်းအနား၌ မွန်ပြည်သစ်ပါတီ NMSP ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကို အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့ဖတ်ကြားရာတွင် “နိုင်တလနွန်ရဲ့ ဘဝဖြတ်သန်းလာမှုတလျှောက်လုံးမှာ မွန်အမျိုးသားအရေးအတွက်ကိုပဲ ဘဝကိုပုံအပ်ပေးခဲ့သူဖြစ်ပြီး ပြည်တွင်းကတရားဝင်နိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေမှာ အဆင့်အတန်းရှိရှိနဲ့ ဖြတ်သန်းလာခဲ့သူပါ” ဟု မွန်ဘာသာဖြင့် ဂုဏ်ပြုပြောကြားခဲ့သည်။

NMSP ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကို အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့ဖတ်ကြားစဥ်

ထို့အတူ နိုင်တင်အောင်သည် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးအတွက် အစဥ်တစိုက် ကြိုးပမ်းခဲ့သူတစ်ဦး ဆုံးရှုံးရသဖြင့် မွန်ညီညွတ်ရေးပါတီနှင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းကြောင်း NSPNC က သဝဏ်လွှာပေးပို့ခဲ့သည်။

“မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များအနေဖြင့် ဥက္ကဋ္ဌကြီး နိုင်တင်အောင် မျော်မှန်းခဲ့သော ဒီမိုကရေစီနှင့် ဖက်ဒရယ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံတော် အစိုးရနှင့်အတူ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ယုံကြည်ထားပါကြောင်းနှင့် နိုင်တင်အောင်၏ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား ဂုဏ်ပြုမှတ်တမ်းတင်လျက် သဝဏ်လွှာပို့ ပေးအပ်ပါသည် ” ဟု NSPNC မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ နိုင်တင်အောင်သည် ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် SNLD အနေဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကြီးမားသည့် ဆုံးရှုံးမှု တစ်ခုဖြစ်ပါကြောင်း သဝဏ်လွှာပေပို့ ထားသည်။

အလားတူ မွန်ပြည်သစ်ပါတီ၊ မွန်ဂီတအစည်းအရုံး၊ ညီညွတ်သောဥပရောနိုင်ငံများမွန်အသင်း၊ အမေရိကန်နိုင်ငံရှိ မွန်အသင်းအဖွဲ့များ၊ ကနေဒါ၊ အောစတေးလျနိုင်ငံ မွန်အသင်းများအပါအဝင် ပြည်တွင်းပြည်ပအသီးသီးရှိ မွန်အသင်းအဖွဲ့များက ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့သည်။  

၄င်း၏အရိုးပြာကို ဖခင်ဖြစ်သူ မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း အုပ်ဂူဘေး၌ အမှတ်တရအုပ်ဂူပြုလုပ်က ထားရှိသွားမည်ဟု MUP ပြောခွင့်ရ နိုင်လယိတမက ဆိုသည်။ 

မြန်မာနိုင်ငံအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ ထိုစဉ်က ကျိုက်ခမီခရိုင်၊ ကျိုက်ခမီမြို့နယ် ပငကျေးရွာသူကြီး ဖခင် နိုင်အောင်ထွန်းနှင့် မိခင် မိအေးစိန်တို့မှ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်။ ကောဇာ ၁၃၉၉ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက် စနေနေ့တွင် “နိုင်တင်အောင်” အား မွေးဖွားသန့်စင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် ဇနီး မိရင်စိန်၊ သားသမီး ၆ ဦးထွန်းကား၍ ၃ ဦးကွယ်လွန်ခဲ့ပြီး နိုင်အောင်လယိမွန်( နိုင်စန်း)၊ မိကေသီမန်နှင့် မိနွယ်နွယ်လင်း (မိတလနွန်ထော)၊ မြေး ၁၇ ဦးနှင့် မြစ် ၁၅ ဦးတို့ ကျန်ရစ်သည်။

နိုင်တင်အောင်၏ အထုပ္ပတ္တိကို MUP ဗဟိုအလုပ်အမှုဆောင်ဝင်တစ်ဦး ဖတ်ကြားစဥ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts