HomeCovid 19နိုင်ငံတော်မှ ဝန်ထမ်းများအားထုတ်ချေးထားသော လစာနှစ်လစာ ယခုလကုန်ပြန်ဆပ်ရမည်ဟုဆို

နိုင်ငံတော်မှ ဝန်ထမ်းများအားထုတ်ချေးထားသော လစာနှစ်လစာ ယခုလကုန်ပြန်ဆပ်ရမည်ဟုဆို

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၁)

နိုင်ငံတော်မှ ဝန်ထမ်းများအား ထုတ်ချေးထားသော လစာနှစ်လစာကို ယခုလ အောက်တိုဘာလ ကုန်မှစပြီး ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သိရှိရသည်။

ဝန်ထမ်းများ၏လစာမှ သတ်မှတ်နှုန်းအတိုင်း လစဥ် ဖြတ်သွားမှာဖြစ်ပြီး CDM ကြောင့်အလုပ်ရပ်နားခံရသော ဆရာ၊ဆရာမများကလည်း နှစ်လစာ အကုန်ပြန်ဆပ်ရမှာဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

” လစာထဲကနေ လစဥ်ဖြတ်သွားမယ်။ CDM ဆရာ၊ ဆရာမတွေကတော့ အကုန်လုံးတစ်ခါထဲ ဆပ်ရမှာ။ မဆပ်ရင် သက်ဆိုင်ရာကနေသူတို့ကိုဆက်သွယ်ပြီး ဆက်ဖြေရှင်းကြမှာပေါ့” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ဆိုသည်။

အလုပ်မှ ရပ်နားခံထားရသောကြောင့် ချေးငွေပြန်ဆပ်ရန် အဆင်မပြေသေးကြောင်း မုဒုံမြို့နယ်မှ CDM ဆရာမ တစ်ဦးမှ ဆိုသည်။

” CDM လုပ်လို့ အလုပ်ကနေ အထုတ်ခံထားရတယ်။ တခြားအလုပ်လည်းမရှိဘူး။ အဲဒီ နှစ်လစာဆပ်ဖို့လည်း အဆင်မပြေဘူး။ ကိုယ်တစ်ယောက်ထဲလဲမဟုတ်တော့ အရေးယူခံရမယ်ဆိုရင်လည်း တစ်ယောက်ထဲတော့ မဟုတ်လောက်ပါဘူး” ဟု ၎င်းကဆိုသည်။

ယခင် အစိုးရက ၂၀၂၀ခုနှစ်တွင် ထုတ်ချေးခဲ့သောဝန်ထမ်းများ၏ လစာ နှစ်လစာကို ၆လ သက်တမ်း သတ်မှတ်ခဲ့သော်လည်း ကိုဗစ် ၁၉ ကြောင့် ပြန်ဆပ်ရန်အခက်အခဲရှိသည့်အတွက် အစိုးရက နောက်ထပ် ၆လ အချိန်ပေးခဲ့ကြောင်း၊ ယခုလတွင် နောက်ထပ် ၆လ ပြည့်သွားသည့်အတွက် အစိုးရကိုပြန်ဆပ်ရန်တိုင်းနှင့်ပြည်နယ်အသီးသီးကို အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းစာတွင် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန် ထမ်း(အမြဲတမ်း) များအား အစိုးရမှ လစာ၏ ၂ လစာကို ကြိုတင် ထုတ်ပေးပြီး အတိုးမဲ့ချေးငွေအဖြစ် ယမန်နှစ် အောက်တိုဘာလက စတင်ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts