Homeငြိမ်းချမ်းရေးKNU တပ်မဟာ ၄ နယ်မြေတွင် PDF နှင့် မြန်မာစစ်တပ်အကြား ယမန်နေ့တစ်ရက်အတွင်း တိုက်ပွဲငယ် ၄ ကြိမ်ထက်မနည်းဖြစ်ပွား

KNU တပ်မဟာ ၄ နယ်မြေတွင် PDF နှင့် မြန်မာစစ်တပ်အကြား ယမန်နေ့တစ်ရက်အတွင်း တိုက်ပွဲငယ် ၄ ကြိမ်ထက်မနည်းဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၈)

တနင်္သာရီတိုင်းအခြေစိုက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေအတွင်း PDF နှင့် မြန်မာစစ်တပ်အကြား ယမန်နေ့ (စက်တင်ဘာ ၇) ရက်နေ့တစ်ရက်အတွင်း တိုက်ပွဲငယ် ၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်း ထိုင်းနယ်စပ် မြန်မာတိုက်ပွဲသတင်း စောင့်ကြည့်လေ့လာနေသူတစ်ဦးက“ အင်အားတော့မမျှဘူး မြန်မာစစ်တပ်ဘက်က တပ်ရင်းအလိုက်အင်အားတွေ ထုတ်နှုတ်၊ တပ်ခွဲတွေပူးပေါင်းပြီးတော့ တောနင်းသလို လိုက်ရှာတာပေါ့၊ မနေ့က နေရာ ၄ ခုမှာ အနည်းဆုံး ၄ ကြိမ်လောက် တိုက်ပွဲတွေဖြစ်ပွားပါတယ်၊ ဒါပေမယ့် နှစ်ဖက်စလုံးအထိအခိုက်အကျအဆုံးမရှိသလောက်ပါပဲ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ဖက် ပိန္နဲတောင်နှင့် ဒူးရင်းပင်ရှောင်ရွာအနီး၌ ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ခလရ ၁၇ နှင့် ခလရ ၂၈၅ ပူးပေါင်းအင်အား ၆၀ ခန့်ရှိ မြန်မာစစ်တပ်ပူးပေါင်းစစ်ကြောင်းရောက်ရှိလာသဖြင့် KNU တပ်ရင်း (၇) နှင့် PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်တို့ ၁၅ မိနစ်ကြာမျှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။

ထို့အတူ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အရှေ့ဖက် ကျေက်အိုင်အနီးတဝိုက်၌ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ ပူးပေါင်းအင်အား ၈၀ ခန့်က ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အင်အား ၁၅ ဦးခန့်ရှိ PDF တပ်ဖွဲနှင့် ၅ မိနစ်မျှတိုက်ပွဲဖြစ်ပေါ်ခဲ့သည်။

တဖန်အဆိုပါ မြန်မာစစ်တပ်ပူးပေါင်းစစ်ကြောင်းသည် မွန်းလွဲ ၃ နာရီအချိန်ခန့်က သရက်ချောင်းမြို့နယ် ကျွဲခြံကျေးရွာအနီး၌ အင်အား ၃၀ ခန့်ရှိ PDF အဖွဲ့နှင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါ အင်အား ၈၀ ခန့်ရှိ မြန်မာပူးပေါင်းစစ်ကြောင်းနှင့် အင်အား ၂၅ ဦးခန့်ရှိ PDF တပ်ဖွဲ့တို့သည် ယမန်နေ့ ညဦးပိုင်း ၇ နာရီအချိန်က သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာအနီး၌ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် နှစ်ဖက်စလုံး အထိအခိုက်ကျဆုံးသတင်းမကြားသိရသေးပေ။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ (စက်တင်ဘာ ၇ ရက်) မှစတင်၍ နိုင်ငံတော်အားအရေးပေါ် အခြေအနေသတ်မှတ်ကြောင်း ကြေညာထားသည်။  

Photo-KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေရှိ ကျေးဇူးတော်ရွာ (Dawei Watch)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts