spot_img
Friday, January 24, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးဆန့်ကျင်ဘက်ဖြစ်နေတော့ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မယ့်ပုံတော့ မပေါ်ဘူး- ဦးရဲထွန်း(သီပေါ)

    ဆန့်ကျင်ဘက်ဖြစ်နေတော့ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မယ့်ပုံတော့ မပေါ်ဘူး- ဦးရဲထွန်း(သီပေါ)

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ-၈)

    မေး။     NUG ကနေ ပြည်သူ့တော်လှန်ရေးစတင်တယ်ဆိုပြီး ကြေညာတာနဲ့ ပတ်သက်ပြီး ဆရာသုံးသပ်ချက်လေးသိချင်လို့ပါ။

    ဖြေ။     ပြည်သူ့တော်လှန်ရေး စနေတာကြာပြီလေ။ သူတို့ တိုက်ခိုက်နေတာ ကြာပြီပဲဥစ္စာ။ အခုမှ ဆိုတော့ နောက်ကျနေပြီပေါ့။ စနေတာ ကြာပြီလို့ ပြည်သူလူထုကတော့ သူတို့ PDF တွေ တိုက်နေတာ ကြာပြီပဲဥစ္စာ ဟုတ်တယ်မလား။

    မေး။     အာဆီယံအထူးကိုယ်စားလှယ်ကလည်း (၄) လအပစ်ရပ်ဖို့တောင်းဆိုထားတာပေါ့လေ။ ဒီကြားထဲမှာ သူတို့က ဒီလိုကြေညာလိုက်တော့ နိုင်ငံတကာအခင်းအကျင်းက ဘယ်လိုမျိုးဖြစ်လာနိုင်လဲဆရာ။

    ဖြေ။     အရင်လက်ရှိ ဖြစ်နေတဲ့ အကြောင်းကို မပြောဘဲနဲ့ အရင်တုန်းက ၁၉၄၈ ပတ်ဝန်းကျင်က အကြောင်းကို ပြောချင်တယ်။ အဲတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာပြီးတော့ အကုန်လိုက်ဖမ်းတဲ့ အခါမှာ ဗမာပြည်ကွန်မြူနစ်ပါတီက ဖောက်ပြန်တဲ့ ဦးနုအစိုးရက ဖမ်းလို့ ပြန်ပြီး ခုခံရပါတယ်ဆိုတာမျိုး အဲလိုမျိုး ပြောခဲ့တာ။ ဖဆပလ က ဗမာကွန်မြူနစ်ပါတီရဲ့ လမ်းစဉ်ကိုယ်၌ထဲက လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရမယ်ဆိုတဲ့ဟာ ထည့်ထားလို့၊ သူတို့က စတိုက်လို့ ဖမ်းရတယ်ဆိုတာမျိုးနော်။ တရားဝင်ရပ်တည်ခွင့်မပြုဘဲနဲ့ ဖမ်းရတယ်ဆိုတာမျိုးပေါ့။ အဲတော့ ပြောချင်တာက အပြန်အလှန်က ဘယ်သူက အရင်ဦးအောင် အကြမ်းဖက်လက်နက်ကိုင်ဖြေရှင်းတာလဲဆိုတဲ့ဟာမှာ အမှတ်ယူကြတာပေါ့။ နိုင်ငံရေးအရ အမှတ်ယူကြတာပေါ့။ ကိုယ်က ခုခံကာကွယ်ရေးစစ်ဘဲ ထင်တာလား။ အခုကြတော့ ကျနော်တို့ အာဆီယံကိုယ်စားလှယ်က (၄) လအပစ်ရပ်စဲဖို့ ပြောတဲ့အခါမှာ အမှန်တကယ်တော့ နိုင်ငံရေးအရ ပါးနပ်တဲ့ သူတွေဆိုရင်တော့ ကျနော်တို့ကတော့ လက်ခံပါတယ်။ ခုခံကာကွယ်စစ်ကိုဘဲ ဆင်နွှဲနေရတာပါ။ အဲတော့ တစ်ဖက်ရန်သူက ဘာမှမလုပ်သရွေ့ ကျနော်တို့ ဘာမှမလုပ်ပါဘူး ဆိုတာမျိုးပေါ့။ တစ်ဖက်ရန်သူက ဖိနှိပ်တာတွေ၊ ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ မလုပ်သရွေ့မလုပ်ပါဘူးဆိုတဲ့ဟာမျိုးနဲ့ နိုင်ငံရေးအရ အဲလိုတုံပြန်လို့ရှိရင် ပိုကောင်းတာပေါ့ဗျာ။

    မေး။     NUG အနေနဲ့ အရေးပေါ် ကြေညာပြီးတဲ့ နောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်လာတော့မယ်ဆိုပြီး ရိက္ခာတွေ အလုအယက်ဝယ်နေကြတာရှိတယ်။ အဲနောက်ပိုင်း ဘယ်လိုအခက်အခဲတွေ ထပ်ကြုံနိုင်သေးလဲဆရာ။

    ဖြေ။     ဒီဥစ္စာက အထူးအဆန်းတော့ မဟုတ်တော့ဘူးလေ။ အရင်လည်း အဲလိုမျိုး မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတော့ အဲသလို ဖြစ်တဲ့အခါမှာ ယုံကြည်တဲ့ ပြည်သူလူထုကတော့ စားနပ်ရိက္ခာတွေ ဝယ်စုတာတို့၊ ပြင်ဆင်တာတို့ လုပ်ကြတာပေါ့။ ပြီးတော့လည်း ဘာမှ ထူးထူးခြားခြားဖြစ်မလာတော့ တစ်ခါပြန်ပြီး ပုံမှန်ဖြစ်သွားတာပေါ့။ ဆိုတော့ ကောင်းတာတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်သိလောက်က ဒီတလောမှာ ပြည်တွင်း စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးတအားကျနေတယ်။ တချို့ နေရာမှာဆို ခရမ်းချဉ်သီးတို့ဆို သွန်ပြစ်ရတာတောင် ဖြစ်တယ်လေ။ ခရမ်းသီးတွေ ဘာတွေ၊ ညာတွေပေါ့။ ဆို‌တော့ ဝယ်လိုအား မရှိတဲ့ သဘောကို ပြနေတော့ အခုလို ဖြစ်လိုက်တော့ အဲတာတွေလည်း ရောင်းထွက်သွားလို့ရှိရင်တော့ တစ်ဖက်တစ်လမ်း စီးပွားရေး ပြန်ပြီးတော့ လည်လာနိုင်တာပေါ့။ ဒါလည်း ကောင်းတဲ့ အချက်ပဲ။

    မေး။     ဆရာတိုက်ပွဲရော ပြင်းထန်လာနိုင်လား။ မြို့ပေါ်တိုက်ပွဲတွေလေ။

    ဖြေ။     မြို့ပေါ်တိုက်ပွဲတွေကတော့ အခုပြီးခဲ့တဲ့ ကာလမှာ ကြည့်ရတာ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာ နဲနဲနည်းတယ်ဗျ။ ပြည်သူလူထုက စစ်ရေးပစ်မှတ်ကို တိုက်ခိုက်တာပဲ ဖြစ်ချင်မှာပဲလေ။ နိုင်ငံတကာရောဘဲ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တွေ နောက် ဘာမှမဆိုင်တဲ့ ဒလန်ဆိုပြီး စွပ်စွဲ သတ်ဖြတ်တာတွေ ဒလန်ဟုတ်လား မဟုတ်လား။ တချို့ဆိုရင်လည်း ကျနော်ဖတ်ရတာ PDF တွေကို တိတ်တိတ် အကူအညီပေးနေတာ ဒလန်ဆိုပြီး သတ်ဖြတ်မိတာတွေ ဘာတွေလည်း ရှိနေတာပေါ့။ ပြောချင်တာက အဲသလို မလုပ်နိုင်လို့ မလုပ်တာလား။ အရင် ကာလကတည်းက မလုပ်နိုင်လို့ မလုပ်တာလားဆိုတာ စဉ်းစားစရာဖြစ် လာတယ်။ လုပ်နိုင်ရင် စစ်ရေးပစ်မှတ်တွေကို လုပ်တာက နိုင်ငံတကာထောက်ခံမှု၊ ပြည်သူထောက်ခံမှု ပိုရနိုင်တာပေါ့။ အဲတာလွဲချော်သွားရင်တော့ အကြမ်းဖက် အဖွဲ့အစည်း Terrorist ခေါ်တာပေါ့နော်။ ချိန်းခြောက်သတ်ဖြတ်တာ။ အဲဟာမျိုး ဖြစ်သွားရင်တော့ နိုင်ငံရေးအရ ပုံရိပ်က သိပ်မကောင်းနိုင်ဘူးပေါ့

    မေး။     ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကိုဗစ်ကြောင့် KIA က တိုက်ပွဲတွေ လျော့ဖို့ ပြောထားတာရှိတယ်။ အဲတာအပြင် ညီနောက်မဟာမိတ်အဖွဲ့တွေရော စစ်ရေးလျော့ချဖို့ ထုတ်ပြန်ထားတာရှိတယ်။ ဆိုတော့ ဒီတိုက်ပွဲတွေထဲမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိမလဲ။

    ဖြေ။     သူတို့ကတော့ အစပိုင်းမှာ ဒီလို မကြေညာခင်မှာ သူတို့က တိုက်တာဗျ။ သူတို့ဟာ တိုက်ပွဲတွေ ဖော်တယ်၊ တိုက်တယ်။ နောက်တစ်ခါ မြို့ပေါ်တိုက်ပွဲတွေအတွက် KIA တို့ဆိုရင် အများကြီးထောက်ပံ့ပေးတယ်ပေါ့။ အဲလိုလုပ်နေတဲ့ ကြားထဲမှာ တရုတ်ကကြတော့ အစိုးရတပ်က ပြန်တိုက်လာလို့ရှိရင် သူ့လူတွေနာမယ်၊ သူ့ဒေသက ပြည်သူတွေနာမယ်၊ တရုတ်ထဲ စစ်ပြေးတွေ ရောက်လာမယ်ဆိုတာလည်း တွက်တာကြောင့် သူက လူကိုယ်တိုင်လာပြီးတော့ ဆွန်းကော်ရှန်းကိုယ်တိုင်လာပြီးတော့ ၇ ရက်လောက် နေသွားပြီးတော့ တိုက်တွန်းတာရှိတယ်၊ ပြောတာရှိတယ်။ အဲအောက်မှာ သူနဲ့ ဩဇာညောင်းတဲ့ အဖွဲ့တွေလည်း ကြေညာရတာပေါ့။ အမှန်တကယ်ကြတော့ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အစောကတည်းက ကြေညာထားတာ။ သူက ကြေညာထားတာကလည်း သူ့အကျိုးအတွက်ပေါ့နော်။ စစ်ကောင်စီက သူ့အကျိုးအတွက် သူကအရင်ဆုံးကြေညာတာ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ NCA ကို ဆက်ပြီး အကောင်အထည်ဖော်မယ်ဆိုတဲ့ဟာတွေ၊ နောက် အပစ်ရပ်ထားမယ်ဆိုတဲ့ဟာတွေကို သူက ကြေညာထားတာ။ ဆိုတဲ့အခါကြတော့ အခုမြောက်ပိုင်းအဖွဲ့တွေ ကြေညာတာကြတော့ တရုတ်ရဲ့ အားပေးတိုက်တွန်းမှုက အဓိက ကျလိမ့်မယ်။ ဆိုတော့ အခု NUG ကြေညာလိုက်တာနဲ့တော့ သူတို့နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတာပေါ့။ ဆန့်ကျင်ဘက်ဖြစ်နေတော့ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မယ့်ပုံတော့ မပေါ်ဘူး။

    မေး။     NUG နိုင်ငံတော် အရေးပေါ်ကြေညာတာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါအူးဗျ။

    ဖြေ။     ဒီပြဿနာတွေကတော့ဗျာ နှစ်ဘက်ဖြစ်တဲ့ ကိစ္စတွေ ကတော့ နိုင်ငံရေးနည်းနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးကြမှ အဆင်ပြေမယ်ထင်တယ်။ ကျနော်ခန့်မှန်းကြည်တာကတော့ ဒီလိုသွားနေတဲ့ ပဋိပက္ခဟာ ကျနော်တို့ နောင်မှာ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့အစိုးရပေါ့နော်။  တက်လာတဲ့ အစိုးရဆိုရင်တောင်မှ ဒီအစိုးရဟာ NLD မဟုတ်ဘူး။ NLD ဟာ ရွေးကောက်ပွဲမှာ မပါနိုင်ဘူးဆိုရင်တောင်မှ နောက်အစိုးရ လက်ထက်မှာလည်း ဒီမတည်မငြိမ်ဖြစ်မှုက ဆက်ရှိနေနိုင်တယ်လို့ သုံးသပ်မိတယ်။ အဲလိုဆို တိုင်းပြည်အတွက်က မကောင်းဘူးပေါ့။ တိုင်းပြည်အတွက်က မကောာင်းဘူး ကျနော်တို့က ဆက်ပြီးတော့ ဟိုးအရင် စစ်အစိုးရလက်ထက်ကလိုဘဲ ဆင်းရဲတွင်းနက်နေဦးမှာပဲ။ အာဆီယံမှာလည်း အဆင်းရဲဆုံး၊ အနောက်ကျဆုံး တိုင်းပြည်ဆက်ဖြစ်နေဦးမယ်လို့ သုံးသပ်ရပါတယ်ဗျ။

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts