HomeCovid 19မွန်ပြည်နယ် အထည်ချုပ်လုပ်ငန်း အနည်းငယ်သာကျန်ရှိ

မွန်ပြည်နယ် အထည်ချုပ်လုပ်ငန်း အနည်းငယ်သာကျန်ရှိ

-

မွန်သတင်းအေဂျင်စီ (၃ စက်တင်ဘာ ၂၀၂၁)

ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းရိုက်ခတ်မှုများနှင့် နိုင်ငံရေးအပြောင်းအလဲကြားတွင် မွန်ပြည်နယ်အတွင်း လည်ပတ်လျက်ရှိသော အထည်ချုပ်လုပ်ငန်းများ အနည်းငယ်မျှသာကျန်ရှိတော့ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ယခုရက်ပိုင်း နိုင်ငံခြားငွေအဆမတန်မြင့်တက်လာခြင်းသည် အထည်ချုပ်လုပ်ငန်းများအတွက် အကြီးမာဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း၊ ဘဏ်များ၏ ငွေကြေးဆိုင်ရာကန့်သတ်မှုများနှင့် ကိုဗစ်ကာလ ခရီးသွားလာရေးကန့်သတ်ထားမှုကြောင့် ဈေးကွက်များလည်း ပျောက်ဆုံးနေကြောင်း ဝီမွန်အထည်ချုပ်လုပ်ငန်းမှ နိုင်မင်းဇော်ဦး ပြောသည်။

“ဒီလိုအခြေနေမျိုးကို တောင့်ခံလာရတာ တော်တော်ကြာနေပြီး စီးပွားရေးအခြေအနေက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့ဆိုးလာတယ် အလုပ်သမားတွေလည်း ရှစ်ပုံတစ်ပုံလောက်ပဲခန့်နိုင်တော့တယ်၊ သူတို့မှာလည်း ဒုက္ခရောက်ကုန်ကြတာပေါ့” ဟု နိုင်ဇော်မင်းဦ်းက ဆိုသည်။

၎င်း၏အထည်ချုပ်ရုံမှ တစ်ရက်လျှင် အထည် ၃ သောင်းကျော်အရောင်းအဝယ်ရှိခဲ့ရာမှ ယခုအခါ တစ်ရက်ကိုအထည် ၁ ထောင်ကျော်ခန့်သာ ရောင်းနေရကြောင်း၊ လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မွန်ပြည်နယ်က အခြားအထည်ချုပ်လုပ်ငန်းများသည်လည်း ရပ်တန့်လိုက်ရတော့မည့်အနေအထားရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ကိုဗစ်မတိုင်မီက ဈေးကွက်တွင်ကျယ်လာသည့် မွန်ရိုးရာအဝတ်အထည်နှင့် အိတ်ချုပ်ထုတ်လုပ်သူများသည်လည်း ဝယ်သူစျေးကွက်မရှိခြင်းကြောင့် လုပ်ငန်းရပ်နားထားရကြောင်း သံဖြူဇရပ်မှ လက်မှုလုပ်ငန်းတစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ မနီနီဝင်းက ပြောသည်။

“ပွဲလမ်းသဘင်တွေလည်းမရှိတော့ မွန်အိတ်တွေက မလိုအပ်ကြတော့ဘူးလေ အရင်ကတောင် ကျောပိုးအိတ်တွေ ကွန်ပျူတာအိတ်တွေ နည်းနည်းရောင်းနေရသေးတယ် အခုဘယ်လိုအိတ်မှလည်းမချုပ်ရတော့ဘူး အလုပ်ခဏနားထားတယ်” ဟု ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တဝန်း အသေးစား အလတ်စားလုပ်ငန်းများ၊ တစ်နိုင်တစ်စပိုင်လက်မှုလုပ်ငန်းများ ရပ်နားထားရခြင်းအပြင် Stay at home သတ်မှတ်ထားခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းမရှိသလောက် နည်းပါးလာပြီး အလုပ်လက်မဲ့များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျှက်ရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းမှ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၆ ဘီလီယံအတွင်း ရရှိခဲ့ပြီး စစ်အာဏာမသိမ်းမီက အဆိုပါလုပ်ငန်းကဏ္ဍတွင် လူငါးသိန်းကျော်ကို အလုပ်ပေးထားခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ရှိသည့်အနက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂၀၀ ခန့်ရပ်နားသွားသဖြင့် အထည်ချုပ်ကဏ္ဍ၏ ၈၀ ရာခိုင်နှုန်းကျော်လည်း လုပ်ငန်းများရပ်တန့်သွားကြောင်း သတင်းများက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts