Homeသတင်းမွန်ပြည်နယ် အကျဥ်းသား ၂၇၀ ကျော် ယခုသီတင်းပတ်အတွင်း လွှတ်ပေးခဲ့

မွန်ပြည်နယ် အကျဥ်းသား ၂၇၀ ကျော် ယခုသီတင်းပတ်အတွင်း လွှတ်ပေးခဲ့

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၂၉)

မွန်ပြည်နယ်မှ အကျဉ်းသား ၂၇၀ ကျော်ကို ဇူလိုင် ၂၂ရက် မှ ၂၇ ရက်အထိ ယခုသီတင်းပတ်အတွင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နှင့် ၄င်းနေ့မတိုင်ခင်က တရားရုံးတွင်စွဲဆိုထားသော အမှုအမျိုး အစားတချို့ကို နစကကောင်စီက ပိတ်သိမ်းကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် မော်လမြိုင်၊ သထုံနှင့် ကျိုက်မရောအကျဉ်းထောင်တို့တွင် အမှုရင်ဆိုင်နေရသည့် အကျဉ်းသား ၂၇၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခိုးမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးမှုတွေနဲ့ အမှုရင်ဆိုင်နေရသူတွေကို အချက် ၁၁ ချက်နဲ့ ရဲတို့ တရားရုံးတို့က စိစစ်ပြီး လွှတ်မိန့်ပေးလာရင် လွှတ်ပေးရတယ်”ဟု ၄င်းကသည်။

ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ပြစ်မှုဆိုင်ရာ တရားခံများကို ရုံးမထုတ်နိုင်သည့်အပြင် ချုပ်ရက်များ ကြာမြင့်နေသည့်အတွက် တရားစွဲဆိုခံရသည့် နိုင်ငံသားများအတွက် သက်ညှာစွာ စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း နစကကောင်စီ၏ ကြေညာချက်တွင် ဖော်ပြသည်။

အထက်ပါအမိန့်အရ အမှုပိတ်သိမ်းပြီး နိုင်ငံတဝန်း အကျဉ်းထောင်များမှ အချုပ်သားပေါင်း  ၄၃၀၀ နီးပါး ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခိုးမှု၊ လုယက်မှု၊ သစ်တောမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေ – စသည့် ပြစ်မှုများဖြစ်ကြပြီး အများစုမှာ စစ်တပ်အာဏာမသိမ်းခင်က မူးယစ်ဆေးပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူများဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မွန်ပြည်နယ်အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သေးသည်။

ပြီးခဲ့သည့် ပြည်ထောင်စုနေ့ကလည်း နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား နှစ်သောင်းကျော်ကို နစကကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts