Homeငြိမ်းချမ်းရေးအဖမ်းဆီးခံကျောင်းသားများကို မလွှတ်ပေးမချင်း ဆက်လက်တောင်းဆိုနေမည်ဟု တက္ကသိုလ်ဆရာများသမဂ္ဂထုတ်ပြန်

အဖမ်းဆီးခံကျောင်းသားများကို မလွှတ်ပေးမချင်း ဆက်လက်တောင်းဆိုနေမည်ဟု တက္ကသိုလ်ဆရာများသမဂ္ဂထုတ်ပြန်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၂၉)

အကျဥ်းသားအချို့ ပြန်လွှတ်ပေးရာတွင် မိမိတို့တပည့်များ မပါသည့်အတွက်  အဖမ်းဆီးခံကျောင်းသားများကို မလွတ်ပေးမချင်း တက္ကသိုလ် ဆရာများသမဂ္ဂက ဆက်လက်တောင်းဆိုနေမည်ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

မော်လမြိုင်တက္ကသိုလ်မှ မင်းသန့်စင်၊ မင်းစန်းသိန်းဝင်း၊ မင်းကောင်းစံ၊ မောင်သူရဦး၊ မောင်အောင်ဆူးခန့်၊ မောင်လင်းအာရုံ၊ မသဲစုအောင်၊ မချစ်သီတာအေး၊ မစိုးမာလာထွန်းတို့အပါအဝင် ကျောင်းသူကျောင်းသားအချို့ လွန်ခဲ့သည့်လများအတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်ဟု တက္ကသိုလ် ဆရာများသမဂ္ဂက ဆိုသည်။

မော်လမြိုင် တက္ကသိုလ်မှ ဆရာမ တစ်ဦးက “တီချယ်တို့ ကျောင်းသားတွေက လူဆိုး၊သူခိုးတွေ ဆေးသမားတွေ မဟုတ်ကြပါဘူး။ အဖိုးတန်လေးတွေပါ။ အခု သူတို့ကို ဖမ်းထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး ဘာမှမသိရ ဘာမှမကြားရတာဟာ အရမ်းစိုးရိမ်စရာကောင်းပါတယ်။ အရမ်းလည်းစိတ်ပူရပါတယ်။ သူတို့တွေ မလွတ်လာမချင်းတော့ တောင်းဆိုမှုတွေက ရပ်သွားမှာ မဟုတ်ဘူးလေ”ဟု ပြောသည်။

နစကကောင်စီ အနေဖြင့် အကျဉ်းသားများကို နေရာဒေသအသီးသီးမှ လွှတ်ပေးနေသော်လည်း ဖမ်းဆီးခံ ကျောင်းသားတစ်ဦးတစ်ယောက်မှ ပါဝင်လာခြင်း မရှိသေကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက “သမီးတို့ကတော့ ဆက်တိုက်သတင်းတွေ နားစွင့်တာပေါ့။ တက်နိုင်တဲ့ဘက်က အကုန်လုပ်နေကြတယ်။ ဖမ်းဆီးခံရတဲ့သူတွေ ရုံးထုတ်တာကအစ ဘာတွေလိုအပ်နေတာလဲဆိုတာတွေရော အကုန်ပေါ့။ ကျောင်းသားသမဂ္ဂရော ထုတ်ပြန်ချက်တွေ ထုတ်ပေးမယ် စစ်ကောင်စီဘက်ကတော့ ကျောင်းသားတွေအရေးကို လစ်လျုရှုနေတုန်းပဲ”ဟု ပြောသည်။

ဖမ်းဆီးခံကျောင်းသားများ မလွတ်မချင်း ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂအပါအဝင် ကျန်သည့်အဖွဲ့အစည်းများလည်း ဆက်လက်တိုက်တွန်း၍ သဘောထား ထုတ်ပြန်နေဦးမည်ဖြစ်ကြောင်း သူမက ဆက်ပြောသည်။

လက်ရှိကာလမှာ အကျဉ်းထောင်များအတွင်း ကိုဗစ်ကူးစက်မှု ရှိနေသည့်ဟု ကြားသိရသောကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ကျောင်းသားများအတွက် စိုးရိမ်ပူပန်နေရသဖြင့် အမြန်ဆုံးလွှတ်ပေးဖို့ တက္ကသိုလ် ဆရာများ သမဂ္ဂက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဆရာများ သမဂ္ဂအနေဖြင့်  ဖမ်းဆီးခံ ကျောင်းသူ၊ကျောင်းသားများကို လျစ်လျူရှု့ထားမှာ မဟုတ်ဘဲ မလွတ်မချင်း အင်တိုက်အားတိုက် တောင်းဆိုနေမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts