Homeသတင်းမွန်ပြည်နယ် ဆားဈေးအနည်းငယ်မြင့်တက်လာ

မွန်ပြည်နယ် ဆားဈေးအနည်းငယ်မြင့်တက်လာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁၊ ဇူလိုင် ၁၂)

ယခုနှစ်တွင် ဆားအထွက်နှုန်း နည်းပါးသဖြင့် မွန်ပြည်နယ်ဈေးကွက်တွင် ဆားပြတ်လပ်မှုကြောင့် ယခုအခါ ဆားဈေးအနည်းငယ်မြင့်တက်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့်သင်္ကြန်ကာလက နေလှမ်းဆားကြမ်းတစ်ပိဿာ ၇၀ ကျပ်ရှိရာမှ ယခုအခါ ၁၁၀ ကျပ်၊ ကြိတ်ပြီးသားဆားချော တစ်ပိသာ ၂၄၀ ကျပ်အထက် ပေါက်ဈေးရှိကြောင်း ပငကျေးရွာဆားလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်သူက ဆိုသည်။

“ဈေးကွက်အခြေအနေက ပစ္စည်းပြတ်တော့ ကုန်ဈေးနှုန်းက တက်တယ်။ ပစ္စည်းပြတ်တယ်ဆိုတာက ဆားတွေ ထွက်တာ ၁၀၀ ရာခိုင်နှုန်းကို ၅၀၊ ၆၀ ရာခိုင်နှုန်း လောက်ပဲ ထွက်လို့ပါ။ ဖိုတိုင်းလိုလိုပဲ”ဟု ၎င်းက ပြောသည်။

သို့ရာတွင် ယခုအခါ ဆာစျေးအနည်းငယ်တက်လာသည်ဆိုသော်ငြား ဆားတောင်သူများအဖို့ အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်ဘဲ ဝယ်ယူပြီးသိုလှောင်ထားသူဆားကုန်သည်များသာ အကျိုးအမြတ်များများ ရရှိခံစားရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ပငဆားစီမံကိန်းဟောင်းမှ ဆားတောင်သူ ကိုကျော်လွင်က “မနှစ်က ဆားကြုံးရတဲ့အချိန် နည်းတယ် စောလည်းစောတယ်ပေါ့။ မနှစ်ကဆို မတ်လကျော်တဲ့ထိ ကြုံးနေတုန်းပဲ။ ဒီနှစ်မှာက အစောကြီး ဖိုသိမ်းလိုက်ရတယ်။ မိုးကြောင့် ပျက်စီးတယ်ဆိုတော့ အထွက်နှုန်းလည်းကျတာပေါ့။ ထွက်တာနည်းတော့ ဈေးက တက်လာတာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် နွေရာသီကာလအတွင်း အချိန်အခါမဟုတ် မိုးများဆက်တိုက်ရွာသွန်းခဲ့သည့်အတွက် ပြည်နယ်အတွင်းရှိ ဆားဖိုများကို မေလတတိယအပတ်တွင် အပြီးပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလဆန်း ပထမပတ်အတွင်း မွန်ပြည်နယ်တဝန်း အချိန်အခါမဟုတ် နေ့စဉ်မိုးရွာသွန်းခဲ့ပြီး နေရောင်ခြည်ဖြင့်လှမ်းထားရသည့် ဒီဂရီပြည့်မှီပြီးဆားရည်များ၊ ဆားအစိုင်အခဲများ မိုးရေများတွင်ပျော်ဝင်ပျက်စီးခြင်းနှင့် ဆားကြမ်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ပငကျေးရွာ ဆားတောင်သူများက ဆိုသည်။  

ပင်လယ်ရေငံမှထုတ်ယူနေရသည့် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိလုပ်ကိုင်ကြပြီး  ထွက်ရှိလာသည့်ဆားများကို ရန်ကုန်၊ မန္တလေး၊ တနသာၤရီတိုင်းဒေသကြီးနှင့် ငါးလုပ်ငန်းများလုပ်ကိုင်သည့် နေရာများသို့ အဓိကဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆားကုန်သည်များမှ သိရသည်။

မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်ဧက ၃၀၀၀ ခန့်တွင် တစ်နှစ်လျှင် ဆားမက်ထရစ်တန် သုံးသောင်း(၃၀,၀၀၀) ကျော်ထွက်ပြီး သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် မိရိုးဖလာလုပ်ငန်းများအဖြစ် လုပ်ကိုင်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts