spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီးနောက် Stay at Home သတ်မှတ်ထားသည့် မြိုနယ် (၂၆) ခုအထိရှိလာ

    ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီးနောက် Stay at Home သတ်မှတ်ထားသည့် မြိုနယ် (၂၆) ခုအထိရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၄ ဇူလိုင် ၂၀၂၁)

    မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းစတင်လာ၍ ကူးစက်မှု မြင့်တက်လာပြီးနောက်ပိုင်း ထိန်းချုပ်ကုသမှုများ ဆောင်ရွက်နိုင်ရေး Stay at Home အဖြစ် သတ်မှတ်ထားသည့် မြိုနယ် (၂၆) ခုအထိရှိလာကြောင်း သိရသည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက “အဓိကတော့ Stay At Home လို့ ကြေညာပြီးရင် Stay At Home မှာ လိုက်နာရမယ့်ဟာတွေကို အတိအကျ လိုက်နာဖို့ လိုတာပေါ့။ တခုရှိတာက ဒီလိုမျိုး Stay At Home လို့ ကြေညာရင် အဲဒီမြို့က လူတွေ Awareness ဖြစ်သွားတယ်။ သူ့ရဲ့ ဒေသဆိုင်ရာ တာဝန်ရှိတဲ့သူ အားလုံးကလည်း Awareness ဖြစ်သွားတဲ့အခါ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်လာနိုင်သမျှ တယောက်နဲ့တယောက် ထိတွေ့မှု နည်းသွားတာနဲ့အမျှ ရောဂါကူးစက်မှုလည်း ကျလာမှာပေါ့။ ဒါကြောင့် အဲဒီလို မိမိအိမ်မှာသာ နေထိုင်ခြင်းကိုသာ တင်းတင်းကျပ်ကျပ် ဖိပြီးတော့ လုပ်လိုက်မယ်ဆိုရင် တအိမ်နဲ့တအိမ်၊ တမိသားစုနဲ့ တမိသားစု ကူးစက်စရာအကြောင်း မရှိတော့ဘူး။ ဖြစ်တဲ့နေရာမှာပဲ ရပ်သွားမယ်။ ဒီလို Stay At Home ကြေညာပြီးတဲ့အခါမှာ လျော့ကျသွားတဲ့ မြို့နယ်တွေလည်း ထုတ်ပြစရာတော့ ရှိလာပြီ။”ဟု VOA အင်တာဗျူးတွင် ပြောဆိုခဲ့သည်။  

    ချင်းပြည်နယ် တွန်းဇံမြိုနယ် နှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်တို့ကို မေလ ၂၈ ရက်က ပထမဆုံး Stay at Home သတ်မှတ်ခဲ့ပြီးနောက်ပိုင်းတွင် နေအိမ်တွင်နေထိုင်စေရေး Stay at home ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မြို့နယ်များတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးပါဝင်လာကြောင်း တွေ့ရသည်။  

    “အဓိကတော့ လူစုတဲ့နေရာပေါ့၊ ဈေးတို့ ဘဏ်တို့ ရုံးတို့ အဲဒီလိုနေရာမျိုးတွေမှာ Cluster အလိုက် ဖြစ်တာပေါ့။ လူတွေရဲ့ Population Movement ပေါ့၊ တနေရာနဲ့ တနေရာ ကူးလူးဆက်သွယ်ပြီး သွားတဲ့လမ်းကြောင်းတွေပေါ့၊ ပထမဆုံးတွေ့ရတဲ့ တွန်းဇံမြို့နယ် ကျီခါးမြို့မှာ တွေ့ရတဲ့ အနေအထားကနေပြီးတော့ သူနဲ့ဆက်စပ်ရာ တီးတိန်၊ ဒီဘက်ကနေ ကလေး၊ ဟိုဘက်ကျတော့လည်း တမူးပြီးတော့ လမ်းကြောင်းက ကလေး၊ ကလေးကနေ ဒီဘက် ဆက်ဆင်းလာတဲ့အခါ မုံရွာ၊ အဲဒီကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ ရန်ကုန်၊ အချက်အချာကျတဲ့ လမ်းကြောင်းတလျှောက် စီးဆင်းသွားတာ တွေ့ရတယ်။”ဟု ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

    ယမန်နေ့ ဇူလိုင် ၃ ရက် အထိ မန္တလေးတိုင်း ဒေသကြီးမှ ချမ်းမြသာစည်၊အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာ အောင်မြေ၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့ နယ်နှင့်အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသ ကြီးမှ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်းနှင့် ဖြူးမြို့နယ်၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါးမြို့နယ်၊ စစ် ကိုင်းတိုင်းဒေသကြီးရှိ တမူး၊ ဟုမ္မလင်းနှင့် ကလေးမြို့နယ်၊ ရှမ်းပြည်နယ်မှ လားရှိုးမြို့၊ နောင်ချိုမြို့နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့၊ ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်၊ မြောင်းမြနှင့် သာပေါင်း မြို့နယ်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home အဖြစ် ကြေညာခဲ့သည်။

    ဒေါက်တာသန်းနိုင်စိုးက “ပြီးခဲ့တဲ့အပတ်ကတောင် ၁၄ ရာခိုင်နှုန်းလောက် ပိုးတွေ့တဲ့ အနေအထားကနေ အခု ၂၀ ရာခိုင်နှုန်း ပတ်ချာလည်လောက် ပိုးတွေ့တဲ့ရာခိုင်နှုန်း မြင့်မားလာတယ်။ အရေးပါတာကတော့ မျိုးရိုးဗီဇပြောင်းသွားတာ အရေးပါဆုံးကိစ္စလို့ ပြောရမှာပဲ။ တဖက်ကတော့ ကိုဗစ်ဖြစ်ပွားမှု လျော့ကျလာတာနဲ့အမျှ သတိတွေ လျော့ပါးပြီး ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာမှု အားနည်းတဲ့အချိန်နဲ့ တွေ့လိုက်တဲ့အချိန်မှာ Cluster of Case တွေပေါ့၊ ဒီနေရာတွေကနေ ထွက်လာပြီးတော့ မြို့နယ်အလိုက်ဆိုရင်လည်း Stay At Home မြို့နယ်ပေါင်း ၂၆ မြို့နယ်အထိ ဖြစ်လာပြီပေ့ါ။ တော်တော်ကြီးကို Data တက်လာတဲ့သဘော ရှိတာပေါ့။”ဟု ပြောသည်။  

    ထို့အပြင် Stay Home နေထိုင်ရန် ထုတ်ပြန်ထားပြီးဖြစ်သော မန္တလေးခရိုင် ခုနစ်မြို့နယ်နှင့် ပြင်ဦးလွင်မြို့ရှိ အခြေခံပညာစာသင်ကျောင်းများကို ဇွန် ၅ ရက်မှ ၁၆ ရက်အထိ ယာယီပိတ်ထားရန် သက်ဆိုင်ရာ ပညာရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။ 

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်(၄) ရက် ည (၈) နာရီထုတ်ပြန်ချက်အရ နိုင်ငံတဝန်း (၂၄) နာရီအတွင်း ထပ်မံသေဆုံးသူ (၃၅) ဦး၊ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၇၈)ခုမှ လူနာသစ် (၂,၃၁၈) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၆၈၉) ဦးရှိပြီး ၂၀၂၀ မတ်လအတွင်း ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၃,၄၁၉) ဦး၊ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၇၂,၃၆၁) ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၁၆၅,၄၀၅) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks