Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအာဇာနည်ဗိမာန်များဖြိုဖျက်ခြင်းသည် သမိုင်းကိုဖျောက်ဖျက်လိုသည့်သဘောဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောဆို

    အာဇာနည်ဗိမာန်များဖြိုဖျက်ခြင်းသည် သမိုင်းကိုဖျောက်ဖျက်လိုသည့်သဘောဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၇)

    စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းရှိ အာဇာနည်ဗိမာန် ၅ နေရာအား ဖြိုဖျက်လိုက်ခြင်းသည် အာဇာနည်များ၏သမိုင်းကို ဖျောက်ဖျက်လိုသည့်သဘောဖြစ်ကြောင်း ကရင်ပြည်နယ်မှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။ 

    “အာဇာနည်ရဲ့ သမိုင်းဖျောက်ဖျက်ချင်တဲ့သဘောလည်းပါတာပေါ့၊ ရှင်းရှင်းပြောရရင် အာဇာနည်ဗိမာန်မှာ ဆေးချယ်ထားတာအနီရောင်လေဗျာ၊ ကျနော်တို့ NLD လက်ထက်ကလုပ်ထားတဲ့ ကျနော်တို့ လက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ အာဇာနည်ဗိမာန်ပေါ့ဗျာ၊ အထင်ကရကြီးတွေပေါ့ ရှင်းရှင်းပြောရရင် ဒါ မနှစ်မြို့တဲ့သဘောပေါ့ သမိုင်းကိုလည်း ဖျောက်ဖျက်ချင်တဲ့သဘောပေါ့” ဟု ၎င်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

    ကရင်ပြည်နယ် ဖားအံ၊ မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့များရှိ အာဇာနည်ဗိမာန် ၅ နေရာကို ယမန်နေ့ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီအာဏာပိုင်အဖွဲ့ ဘူဒိုစာများဖြင့် ရုတ်တရုက် ဝင်ရောက်ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများမှ သတင်းရရှိသည်။

    ၎င်းက “အရင်လက်ထက်က နှစ်စဉ်နှစ်စဉ် အာဇာနည်နေ့အခမ်းအနားတွေလုပ်ခဲ့တာ အာဇာနည်နေ့အဆောက်အဦး ဗိမာန်ဆိုတာမရှိခဲ့ဘူး ကျနော်တို့လက်ထက်တွေမှာ ဒီအခမ်းအနားတွေကို ဝင့်ဝင့်ထည်ထည် ခမ်းခမ်းနားနားလုပ်နိုင်အောင် အဆောက်အဦးတွေဆောက်လုပ်ပေးခဲ့တာ ပြည်သူကနေပြီးတော့ တင်ပြလို့အဆောက်အဦး ဆောက်ပေးခဲ့ကြတာ တချို့ဒေသမှာဆိုရင် ကိုယ်ထူကိုယ်ထ ပြည်သူပိုက်ဆံနဲ့ အဲဒီလိုဆောက်ခဲ့တဲ့အဆောက်အဦးတွေ အခုဒီလိုမျိုးလုပ်လိုက်တာက မကောင်းဘူးပေါ့ဗျာ မကောင်းဘူးဆိုတာကတော့ တကယ့်စက်ရှုပ်ရွံရှာဖို့ကောင်းတယ်လို့ ကျနော်မြင်တာပေါ့” ဟု ဆိုသည်။  

    သို့ရာတွင် အထိမ်းအမှတ်ကျောက်တိုင်များနှင့် ရုပ်ထုရုပ်ပုံများကို ဖျက်ဆီးခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။

    အဆိုပါ အာဇာနည်ဗိမာန်များ တည်ဆောက်စဉ်အခါက ဒေသခံပြည်သူလူထု၏ သဘောထား ရယူခြင်းမရှိခဲ့သလို ယခုဖြိုဖျက်သည့်အခါတွင်လည်း ပြည်သူလူထုနှင့် ညိနှိုင်းလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)မှ နော်ငါးခူးရှီးက ယူဆသည်။

    နော်ငါးခူးရှီးက “ ဘာကြောင့် လာဖြိုသွားလဲဆိုတာ ကျွန်မတို့အနေနဲ့ မသိဘူးပေါ့နော်၊ ကျမတို့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီး ကရင်ပြည်သူလူထုလေးစားတဲ့ ရုပ်ထုတောင်မှ ကိုယ့်ရဲ့နယ်မြေ ကိုယ့်ရဲ့ Karen State မှာ စိုက်ပိုင်ခွင့်မရှိဘူးလေ၊ အရင်ကဆိုရင် ပြဿနာတက်သေးတယ် ရုပ်ထုကို ဟိုရွှေ့ဒီရွှေ့နဲ့ ထားတဲ့နေရာ သူတို့မကြိုက်တာနဲ့ စိုက်ထူခွင့်မရဘူး၊ ပြီးတော့သူတို့ လေးစားတဲ့ သူတို့ခေါင်းဆောင်ဆိုရင်လည်း တိုင်းရင်းသားဒေသမှာ အတင်းအဓ္ဓမ လာစိုက်တာ အဲဒါက လုံးဝမဖြစ်သင့်ဘူးနော်” ဟု ဆိုသည်။

    ပြီးခဲ့သည့် NLD အစိုးရ လက်ထက်တွင် နိုင်ငံတဝန်းတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် အာဇာနည်ဗိမာန်များကို တိုင်းရင်းသားဒေသများတွင် စိုက်ထူခဲ့သဖြင့် ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ အထူးသဖြင့် မွန်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်း၊ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စများက အများဝေဖန်စရာဖြစ်စေခဲ့သည်။

    ထို့ပြင် NLD အစိုးရအမည်ပေးခဲ့သည့် “ဗိုလ်ချုပ်အောင်ဆန်းတံတား”ကိုလည်း စစ်ကောင်စီဥက္ကဌကိုယ်တိုင် သံလွင်တံတား(ချောင်းဆုံ) အမည်ဖြင့် ဇွန်လ ၁ ရက်နေ့က ပြောင်းလဲဖွင့်လှစ်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks