Homeငြိမ်းချမ်းရေးဗိုလ်ချုပ်အောင်ဆန်းတံတားအား သံလွင်တံတား(ချောင်းဆုံ) မူလအမည်သို့ပြောင်းလဲမည်

ဗိုလ်ချုပ်အောင်ဆန်းတံတားအား သံလွင်တံတား(ချောင်းဆုံ) မူလအမည်သို့ပြောင်းလဲမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၃၁)

မော်လမြိုင်-ဘီလူးကျွန်းသို့ ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတားကို NLD အစိုးရလက်ထက်က “ဗိုလ်ချုပ်အောင်ဆန်း တံတား”ဟု အမည်သတ်မှတ်ခဲ့ရာမှ ယခုအခါ မူလနာမည် သံလွင်တံတား(ချောင်းဆုံ) ပြောင်းလဲမည်ဟု သိရသည်။

တံတားအမည်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို သက်ဆိုင်ရာမှထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း တံတားနာမည်အဟောင်းဖြုတ်၍ နာမည်သစ်ကိုတပ်ဆင်လျက်ရှိကြောင်း တွေ့ရှိရသည်။  

အဆိုပါ သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်ရေးစီမံကိန်းကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းပြီးဆုံး၍ ယခင် NLD ပါတီ အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မေလ ၉ ရက် တံတားဖွင့်ပွဲကျင်းပခဲ့သည့်နေ့တွင် “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပြောင်းလဲခဲ့သဖြင့် အများတကာဝေဖန်ထောက်ပြစရာ ကိစ္စတစ်ခုဖြစ်ခဲ့သည်။

ယခင်က ခရီးသွားလာရန်အလွန်ခက်ခဲသည့် မော်လမြိုင်-ဘီးလူးကျွန်းကို မြစ်ကူးတံတားတည်ဆောက်ပေးရေး ၂၀၁၃ ခုနှစ်က ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်လှမောင် လွှတ်တော်သို့တင်သွင်းသည့်အဆိုအောင်မြင်ပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်ပေးပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကိုလည်း ထိခိုက်စေမည်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် ပါတီပေါင်း ၁၄ ခုက ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

ယင်းသို့ “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပြောင်းလဲခဲ့သည့်အပေါ် မွန်တိုင်းရင်းသားများသာမက ပြည်နယ်အတွင်းရှိ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားများ လူအင်အားသောင်းနှင့်ချီ၍ မော်လမြိုင်မြို့သို့ လာရောက်ဆန္ဒပြခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လအတွင်း ဆန္ဒပြခြင်း နှစ်ကြိမ်၊ ဧပြီလတွင် ကန့်ကွက်မှု လက်မှတ်ပေါင်း တစ်သိန်းခွဲခန့် ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သို့ရာတွင် NLD မှ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၏ “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ တွင် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းပြီးနောက် မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ရာ ထောက်ခံမဲ ၂၁၇ မဲ ၊ ကန့်ကွက်မဲက ၄၃ မဲ၊ ကြားနေ ၁၁၆ မဲဖြင့် အနိုင်ရခဲ့ပြီး အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

သံလွင်တံတား(ချောင်းဆုံ) တံတားကို ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် တည်ဆောက်ထားပြီး အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစား ဖြစ်ကြောင်း၊  မော်လမြိုင်ဘက်ကမ်း မုပွန်ချဉ်းကပ်လမ်းမှာ ၇၅၇ ပေခန့်နှင့် ဘီလူးကျွန်း ကညှော်ချဉ်းကပ်လမ်းမှာ အရှည် ၁၆,၉၈၀ ပေ ရှိကြောင်း သိရသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts