spot_img
Thursday, November 7, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးဖတ်မိသော စာတစ်အုပ်နဲ့ အတွေးတစ်စ

    ဖတ်မိသော စာတစ်အုပ်နဲ့ အတွေးတစ်စ

    -

    ချစ်မင်းထွန်း
    (၂၀၂၁ မေ ၂၁)

    ဒီရက်ပိုင်းတွေထဲမှာ စာအုပ်တော်တော်များများ ဖတ်ဖြစ်တယ်၊ ဒီလထဲမှာ “ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း”ဆိုတဲ့ စာအုပ်ကို ဖတ်မိတော့ အတွေးတစ ပေါ်လာခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ နှိုင်းယှဉ်ပြီး စဉ်းစား တွေးတောရင်းကနေ ဖြစ်တည်လာတဲ့ အတွေးတစပါ။

    မြန်မာနိုင်ငံဟာ တော်လှန်မှုများတဲ့ နိုင်ငံဖြစ်လို့ တော်လှန်ရေးအကြောင်းတွေပြောရင် ဗမာပြည် ကွန်မြူနစ်ပါတီ အခန်းကဏ္ဍကလည်း မေ့ထားလို့မရဘူး သင်ခန်းစာတွေ ယူစရာများသလို လေ့လာစရာတွေလည်းများလှတာကိုး။

    ဒါနဲ့စကား ပြန်ဆက်ရရင် “ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း”စာအုပ် ဖတ်လိုက်တော့ ဗကပ က စစ်ရေးသဘောတရားနဲ့ နိုင်ငံရေး သဘောတရားကို ကျွမ်းကျင်နှံ့စပ်သူတွေနဲ့ စုဖွဲ့ထားပြီးတော့ စစ်တပ်နဲ့အစိုးရကို တိုက်ခိုက်ခဲ့တာ။

    ဗကပကို တရုတ်က တရုတ်နိုင်ငံသား တပ်ဖွဲ့တွေရော၊ ငွေကြေးရော၊ လက်နက်တွေရော၊ စစ်ရေး အကြံပေးတွေရော၊ နယ်မြေရော စသဖြင့် အကူအညီတွေပေးခဲ့တာတောင် ဘာကြောင့် ဗကပ နောက်ဆုံး ပြိုကွဲသွားရတာလဲ…? (မေးခွန်းနဲ့တွေးစရာတွေ ထွက်လာတယ်)

    အခု စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ပါဝင်တဲ့ လူတွေရဲ့ စစ်ရေး သဘောတရားနဲ့ နိုင်ငံ​ရေးသဘောတရားက ဗကပက သခင်သန်းထွန်း၊ သခင်ဗသိန်းတင်၊ ရဲဘော်စိုးသိန်း(ဗီယက်နမ်စစ်ပွဲမှာ ဟိုချီမင်နဲ့အတူတူတွဲလုပ်ကိုင်ခဲ့ဖူးသူ)၊ နော်ဆိုင်း(ဗမာ့တပ်မတော်ထဲကနေ ခွဲထွက်ပြီး ကချင်တော်လှန်ရေးလုပ်ခဲ့သူ)၊ လီကျင်းချောင်း (ဗီယက်နမ်စစ်ပွဲမှာ တိုက်ခိုက်ခဲ့ဖူးသူ)၊ ဖုန်ကြားရှင်(MNDAA ကိုးကန့်အဖွဲ့ဥက္ကဌ)၊ လီစစ်မိန်(NDAA မိုင်းလားအဖွဲ့ ဥက္ကဌ ဦးစိုင်းလင်း)၊ ကျောက်ညီလိုင်နဲ့ ပေါက်ယူချန်း (UWSA “ဝ”ခေါင်းဆောင်များ) စတဲ့ ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး စဉ်းစားမိတယ်။ (အဖြေကတော့ နှိုင်းယှဉ် စဉ်းစားသူတိုင်း ဘယ်လိုထွက်မလဲ မသိပါ)

    ဗကပ ဟာ လူတန်းစား တိုက်ပွဲအောင်မြင်တာနဲ့ လူမျိုးစုအရေးကို တစ်ခါတည်းဖြေရှင်းပြီးသား ဖြစ်မယ်လို့ တွက်ခဲ့ပြီးတော့ လူမျိုးစုအရေးကို အာရုံမစိုက်ခဲ့ပဲ ပြစ်ပယ်ထားခဲ့ရာကနေ နောက်ဆုံး လူမျိုးစုတွေက ဗကပကနေ ခွဲထွက်ပြီး သူတို့ လူမျိုးစုအလိုက် လက်နက်ကိုင်တပ်တွေအဖြစ်ရပ်တည်ပြီး အမျိုးသားရေးကို လျောက်လာခဲ့ကြတာ ယနေ့ချိန်ထိပဲ။

    အဓိက ဗကပ စဉ်းစားချက်မှားခဲ့တယ်၊ ဘယ်လောက်ပဲ စစ်ရေးနဲ့နိုင်ငံရေး သဘောတရား ကို နှံ့စပ် ကျွမ်းကျင်တဲ့ လူတွေနဲ့စုဖွဲ့ထားပါစေ စဉ်းစားချက် မှားယွင်းတာနဲ့ ပျက်ပြားသွားတာပဲဆိုတာ အတွေးတစရလိုက်မိတယ်။

    ဗကပရဲ့ အခြေအနေကို သုံးသပ်မိတော့ NUG ရဲ့ လမ်းစဉ်နဲ့ စဉ်းစားချက်တွေကို ညဏ်မိသလောက် နှိုင်းယှဉ် လေ့လာကြည့်ပြီးတော့ အတွေးတစ်စ ရလိုက်တာကတော့ NUG ဟာ ဒီမိုကရေစီအရေး အောင်မြင်တာနဲ့ လူမျိုးစုအရေး ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ်လို့ စဉ်းစားပြီးတော့ သူ့လမ်းကြောင်းက ဒီမိုကရေစီဘက်ကို အားသန်နေတာတွေ့ရပါတယ်။

    ဒီလိုတိုင်းသာဆိုရင် NUG လည်း ဗကပလိုပဲ တဖြေးဖြေးနဲ့ ခရီးကြမ်းဖြတ်ရင် နေဝင်ခရီးကို လျောက်လှမ်းရမယ့်ပုံပါပဲ။ ဘာကြောင့်ဆို တိုင်းရင်းသား လူမျိုးစုတွေက သူတို့ အမျိုးသားရေးအတွက် နောက်ထက် မတူညီတဲ့ အုပ်စုနဲ့ ထပ်ပြီး တိုက်ပွဲဆင်နွဲရအုံးမှာဖြစ်လို့ NUG နဲ့ ပူးပေါင်းဖို့ထက် ပြင်ဆင်ရေးဘက်ကိုပဲ ရောက်သွားမှာဖြစ်ပါတယ်။

    ဘာကြောင့်ဆို NUG ဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းမိုးမှုအောက်မှာပဲ စစ်တပ်အာဏာသိမ်းမှုကို တော်လှန်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီးတော့ လူထုအားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း တစ်ရပ်ကို မဖော်ဆောင်ပဲကြောင့် ဖြစ်ပါတယ်။

    ဥပမာပြရရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) မှာ အဖွဲ့ဝင် ၁၈ ဦး(အစက ၁၅ ဦးနဲ့ဖွဲ့)မှာ NLD က ၁၅ ဦးလောက် နေရာယူထားတယ်၊ ဆိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မဟုတ်တော့ဘူး NLD လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်နေတယ်။

    ပြီးတော့ CRPH မှာ လူမျိုးစုအမတ်တွေက ပါတီကိုယ်စားပြုမပါကြဘူး (ပလောင်ပါတီကလွှဲရင်) ဆိုတော့ CRPH က နိုင်ငံရေးပါတီတွေရဲ့ ထောက်ခံမှုမရဘူးလို့ ဆိုရမယ်။

    နံပါတ်(၂)က NUG စုဖွဲ့မှုမှာ ပြည်ထောင်စု ဝန်ကြီး ၁၆ ဦးမှာ NLD က ၁၁ ဦးနေရာယူထားသလို တကယ့် အာဏာရှိမယ့် ရာထူးတွေ(သမ္မတ-အတိုင်ပင်ခံပုဂ္ဂိုလ်- ဝန်ကြီးချုပ်- ပြည်ထဲရေး- ကာကွယ်ရေး- နိုင်ငံခြားရေး-လူဝင်မှုကြီးကြပ်ရေး-လူကယ်ပြန်- ပညာရေး-ကျန်းမာရေး)ယူထားတာတွေ့ရတော့ လေလိုင်းပေါ်မှာ ဖွဲ့တဲ့ အစိုးရတောင် ဖက်ဒရယ်မဖြစ်တော့ ဘယ်လိုမျိုးနဲ့ လူမျိုးစု နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တွေက ထောက်ခံရမလဲ စဉ်းစားစရာဖြစ်လာပါတယ်။

    ဒါကြောင့် NUG ဟာ တကယ်ရော လူမျိုးစုအရေးကို နားလည်လား၊ လူမျိုးစုတွေလိုချင်တဲ့ ဖက်ဒရယ်ကိုရောပေးနိုင်ပါ့မလား၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ဖက်ဒရယ် အဓိပ္ပာယ် ပြဌာန်းချက် ရှိရဲ့လား၊ NLD ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ဒီမိုကရေစီနိုင်ငံကို ဘယ်လိုထူထောင်မယ်ဆိုတာပဲ ပြဌာန်းပါရှိပြီး ဖက်ဒရယ် ပြည်ထောင်စုအရေး ဘယ်လိုဖော်ဆောင်မယ်ဆိုတာ မပါတာက ဘာကြောင့်လဲ၊ NUG က စစ်အာဏာရှင် ဖြုတ်ချရေးလား NLD အာဏာပြန်ရရေးလုပ်နေတာလား စတဲ့ ကိစ္စတွေက ရှင်းရှင်းလင်းလင်း မေးဖို့လိုလာသလို အာမခံချက်တွေပေးဖို့လည်း လိုလာတာကို တွေးမိခဲ့တယ်။

    CRPH က ထုတ်ပြန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း(၁-၂)မှာ ၁ က အဆင်ပြေသလိုနဲ့ ၂ က ပြန်လွှမ်းမိုးထားပြီးတော့ NLD ကို အာဏာပြန်ရရေးနဲ့ ပါဝါအားကောင်းရေးကို တည်ဆောက်ထားတာတွေ့ရတော့ တကယ်ရော တိုင်းရင်းသားတွေကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးချင်ရဲ့လားနဲ့ အာဏာခွဲဝေပေးချင်ရဲ့လား သံသယဖြစ်စရာ အတွေးဝင်မိလာခဲ့တယ်။

    ဒါကြောင့် ဗကပက လူတန်းစား တိုက်ပွဲအောင်မြင်ရင် တိုင်းရင်းသားအရေးဖြေရှင်းပြီသားဖြစ်မယ်လို့ စဉ်းစားခဲ့တဲ့ အခြေအနေနဲ့ NLD-CRPH-NUG ရဲ့ ဒီမိုကရေစီအရေးအောင်မြင်ရင် တိုင်းရင်းသားအရေး ဖြေရှင်းပြီသားဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်တွေဟာ “ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း”ဆိုတဲ့ စာအုပ်ဖတ်ပြီး အတွေးတစ်စ ဖြစ်လာတယ်။

    အဲစာအုပ်ထဲမှာ ဗကပက လက်နက်ကိုင် တိုက်ခိုက်ပြီး အစိုးရအာဏာရယူဖို့ကြိုးပမ်းတာမှာ နိုင်ငံ တစ်နိုင်ငံရဲ့ ကျောထောက်နောက်ခံရဖို့နဲ့ လက်နက်ခဲယမ်း၊ ငွေကြေး၊ လှုပ်ရှားနယ်မြေ၊ ထိန်းချုပ်နယ်မြေ၊ လူအင်အား၊ စစ်ရေးအကြံပေး၊ နိုင်ငံရေးအကြံပေး စတဲ့ အခြေအနေတွေကို ဘယ်လိုမျိုးရအောင် စုစည်းခဲ့လဲဆိုတာတွေ တွေ့ရတော့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အခြေအနေကို နှိုင်းယှဉ် ကြည့်မိတယ်။

    ပထမဆုံး ဗကပက လက်နက်ကိုင်တပ်ကို ဘယ်နာမည်နဲ့ ပေးမလဲ စဉ်းစားကြတယ်၊ တရုတ်ဘက်က မော်စီတုန်း၊ ချုအင်လိုင်၊ စိန်ခန်း၊ လီတာ့(တရုတ်ပြည်သူလွှတ်မြောက်ရေတပ်မတော်- ဒုစစ်ဦးစီးချုပ်) နဲ့ ဗကပဘက်က သခင်ဗသိန်းတင်၊ ရဲဘော်စိုးသိန်း၊ နော်ဆိုင်း အပြင် တခြားလူတွေပါကြတယ်။ အဲမှာ ဗကပဘက်က ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်လို့ ပေးဖို့ပြောတယ်၊ အဲမှာ တရုတ်ဘက်က အဲလိုဆို တရုတ်စစ်တပ်နဲ့နီးစပ်နေမယ် တရုတ်အစိုးရထောက်ပံ့မှုပါမယ်လို့ နိုင်ငံတကာက ပြောလာလိမ့်မယ် (ချူအင်လိုင်က နိုင်ငံခြားရေးပေါ်လစီက မပါဘူးလို့ ပြင်ပမှာ ပြောပေမယ့် နောက်ကွယ်မှာ တရုတ်က ထောက်ပံ့ပေးမှာပဲဆိုတာ အချင်းချင်းသိနေတာပဲ၊ ရှေ့တစ်မျိုး နောက်တစ်မျိုးလုပ်ရတာ နိုင်ငံခြားရေးပေါ်လစီပဲလို့ ပြောခဲ့တယ်) အဲတော့ ပြည်သူ့တပ်မတော်လို့ ပေးလိုက်ပါဆိုပြီတော့ ချူအင်လိုင်က ပြောတယ်။

    ရဲဘော်စိုးသိန်းက ပြည်သူ့တပ်မတော်က အဆင်မပြေဘူး ကျနော်တို့က ပြည်သူတစ်ရပ်လုံး ကိုယ်စားမပြုသေးဘူး၊ လုပ်ငန်းတာဝန်က ပိုကျယ်ပြန့်လွန်းနေတယ်၊ ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်ကိုပို သဘောကျတယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး ပြည်သူ့တပ်မတော်လို့ပဲ ခေါ်ခဲ့ကြတယ်။

    အခု NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော်လို့ ခေါ်တယ်၊ နာမည်ကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရွေးခဲ့လဲ မသိပေမယ့် သူမှည့်တဲ့ နာမည်အတိုင်းဆို ဒီလက်နက်ကိုင်တပ်က တော်လှန်းရေးတပ်မဟုတ်ဘဲ စစ်တပ်က လူထုကို အနိုင်ကျင့်နေတယ်လို့ ထင်တာမှန်သမျှ ကာကွယ်ရေးဆိုတဲ့ သဘောဘက်ကို ဆောင်နေတယ်လို့ တွေးမိတယ်။

    ဒါဆို သူက ဗကပလိုလည်း မတိုက်ဘူး တိုင်းရင်းသားလက်နက်ကိုင်တွေလိုလည်း မတိုက်ဘူး စစ်တပ်ရန်က ကာကွယ်ရေးဆိုတာပဲ လုပ်မယ်၊ စစ်တပ်နဲ့ ပါဝါ ချိန်ခွှင်ရှာညှိမယ်၊ အဆင်ပြေရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းနိုင်ဖို့အတွက် အပြကောင်းအောင် တည်ဆောက်မယ်ဆိုတာမျိုးပဲလား…?

    ဒီနောက်မှာမှ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသားတပ်တွေကို လိုက်စည်းရုံးမယ်၊ အောင်မြင်ရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာကို ဖျောက်ပြီး ဖက်ဒရယ်တပ်မတော်ဆိုတာနဲ့ စစ်တပ်ကို တိုက်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ဖော်ဆောင်နေတာလား…?

    ဖက်ဒရယ်တပ်မတော် ဖြစ်လာရင်တော့ ဗကပလို စစ်ရေးနဲ့နိုင်ငံရေး သဘောတရားရေးရာ ကျွမ်းကျင်သူတွေ ရှိလာမယ့် တပ်မတော်တစ်ခု ဖွဲ့စည်းနိုင်မှာ ဖြစ်ပေမယ့် အဲလိုမဟုတ်ဘဲ PDF ပဲဆိုရင်တော့ နိုင်ငံရေးနဲ့စစ်ရေး သဘောတရားရေးရာ ကျွမ်းကျင်သူတွေ မရှိလို့ စစ်တပ်ကို ယှဉ်ဖို့က တော်တော်စဉ်းစားစရာဖြစ်နေပါလိမ့်မယ်။

    ဖက်ဒရယ်တပ်မတော်ကလည်း လူတွေ မျှော်လင့်သလို လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးဆိုတာ (CRPH စဖွဲ့ကတည်းက ၈၀ ရာခိုင်နှုန်း ဆွေးနွေးသဘောတူညီနိုင်ထားပြီလို့ လူထုကို ပြောထားတာ အခု ၄ လထဲရောက်နေပြီ ဘာမှ မဖြစ်လာတာ ဘာကြောင့်လဲ) တိုင်းရင်းသားအရေးလေ့လာနေသူတိုင်း သိကြပါတယ်၊ ဝေဖန်ထောက်ပြသူတိုင်းကို ရန်သူ သဖွယ်တိုက်ခိုက်ကြလို့ အားလုံးက ထောက်မပြပဲ နေကြတာပါ။

    ဒီလိုအခြေအနေမှာ တိုင်းရင်းသား လူမျိုးစုတွေက ဘယ်လိုပုံစံနဲ့ ရပ်တည်ကြမလဲဆိုတာကလည်း အတွေးတစ်စကို ဖြစ်တည်လာစေပါတယ်။

    လက်နက်ကိုင်တွေဘက်ကဆိုရင် ဘယ်ဘက်မှ မပါဘဲ သီးသန့် ရပ်တည်ကာ တရားဝင်မှုကို ရယူတဲ့ အခင်းအကျင်းကို ရယူတာ သူတို့အတွက် အကောင်းဆုံးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ပြောထားပါတယ်။

    လူမျိုးစုပါတီတွေကလည်း စစ်အာဏာရှင် ဖြုတ်ချရေးကို လုပ်မယ် ဒါပေမယ့် NLD ပြန်လည် အာဏာရရေးကိုတော့ သူတို့ မလုပ်နိုင်သလို ပူးပေါင်းပါဝင်မှာမဟုတ်ဘူးဆိုတဲ့ စဉ်းစားချက်နဲ့ NUG-CRPH မှာ လက်မတွဲပဲ သီးသန့် သူတို့လည်း ရပ်တည်ပါလိမ့်မယ်။

    နောက်တစ်ခုကတော့ လူမျိုးစု လက်နက်ကိုင်၊ နိုင်ငံရေးပါတီတွေနဲ့ လူထုတွေဟာ စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်သွားရင် သူတို့ အမျိုးသားရေးကို ဘယ်လိုဆက်ဖော်ဆောင်မလဲ စဉ်းစားထားကြပြီး ပြင်ဆင်ထားနိုင်သလို လူထုတော်လှန်ရေးအုပ်စုက အနိုင်ရလို့ အစိုးရဖွဲ့သွားရင် သူတို့ အမျိုးသားရေးကို ဘယ်လိုဆက်ဖော်ဆောင်မလဲ စဉ်းစား ပြင်ဆင်ထားကြပါလိမ့်မယ်။

    ဗမာမဟုတ်သော တိုင်းရင်းသားတွေ စိုးရိမ်နေတဲ့ အချက်တစ်ချက်လည်း ရှိပါလိမ့်မယ်၊ အဲတာကတော့ စစ်အာဏာရှင် ဖြုတ်ချရေး လုပ်နိုင်ခဲ့ရင်တောင် ဒီမိုကရေစီအာဏာရှင်ပေါ်လာမှာကိုပဲ ဖြစ်ပါတယ်။

    ဒါကြောင့် နောက်ဆုံး အနှစ်ချုပ်ရရင် “ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း”ဆိုတဲ့ စာအုပ် ဖတ်ပြီး ပေါ်လာတဲ့ အတွေးတစက တော်လှန်မှုများတဲ့ မြန်မာပြည်(ဘားတေလင့်တနာ စာအုပ်နာမည်တစ်ခုကိုယူသုံးခြင်း)ထဲက ပြည်သူလူထု တစ်ယောက်ဖြစ်ရတဲ့ အခြေအနေက အာဏာနိုင်ငံရေးလောကထဲမှာ အသက်ရှင်ရပ်တည်နေရတာပါလား…?

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,000SubscribersSubscribe
    spot_img

    Latest posts