Homeသတင်းမွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဗိမာန်တွင် ဖြေဆိုကြမည်

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဗိမာန်တွင် ဖြေဆိုကြမည်

-

မွန်သတင်းအေဂျင်စီ (၂၀ မေ ၂၀၂၁)

(၂၂) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာအဆင့် နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို မေလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် (၁၉) မြို့နယ်ကိုယ်စားပြု လူငယ်များက မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်သို့ လာရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်တစ်ခုချင်းစီအလိုက် ထူးချွန်သည့်ကျောင်းသားကျောင်းသူ (၁၂၀)ဦး စုစုပေါင်း (၁၉) မြို့နယ်ကိုယ်စားပြု လူငယ်သင်တန်းသား (၂၂၈၀)ဦးတို့က လာရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

နိုင်မွန်ရာဇာက “မေ ၂၂ ရက်နေ့မှာ ဒေသလုံးဆိုင်ရာအဆင့် စာမေးပွဲဖြေဆိုပြီးတော့ ၃၀ ရက်နေ့ကျရင် သင်တန်းဆင်းပွဲပြုလုပ်သွားမယ်၊ ကျွန်တော်တို့ရဲ့ နွေရာသီစာပေသင်ကြားရေးက ရက်တိုသင်တန်းဖြစ်ပေမယ့် မွန်စာပေအဖွဲ့အစည်းထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့အတွက် အနယ်နယ်အရပ်မှာရှိတဲ့ မွန်လူမျိုးတွေအားလုံး ပူပေါင်းပါဝင် ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်”

ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် မွန်ရိုးရာယဉ်ကျေးမှုတန်း၊ မွန်စာပေသမိုင်းတန်း၊ ဟံသာဝတီ သမိုင်းတန်း၊ မုတ္တမသမိုင်းတန်း၊ သုဝဏ္ဏဘူမိသမိုင်းတန်းနှင့် အဘိဓမ္မာတန်း စသည်အားဖြင့် အတန်း ၆ တန်းခွဲ၍ ဖြေဆိုကြမည်ဖြစ်သည်။

မြို့နယ်အဆင့်မွန်စာပေသင်ကြားရာတွင် ၁၂ တန်းသတ်မှတ်သင်ကြားလျှက်ရှိပြီး ယခုနှစ်သင်ကြားကာလ ၄၅ ရက်တွင် စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ ၄၀၀၀ ခန့်ဖြင့် ကျောင်းသားကျောင်းသူ ၁ သိန်း ၂ သောင်းနီးပါခန့် သင်ကြားခဲ့သည်ဟု သိရသည်။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအသင်းကို မွန်သံဃာတော်များနှင့် မွန်အရေးလှုပ်ရှားသူတို့ပူးပေါင်း၍ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်အပါအဝင် ၁၉ မြို့နယ်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။  


(၂၀) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာအဆင့် နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts