Homeငြိမ်းချမ်းရေးကရင်စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ

ကရင်စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၂)

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ တို့အကြား တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်ပြည်သူများ စားဝတ်နေရေး အကူအညီလိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၅ တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဖာပွန်-ကမမောင်း လမ်းမကြီးလည်း ပိတ်ထားသောကြောင့် ကုန်ပစ္စည်းသယ်ဆောင်နေသည့် ကားများသွားလာရေး အဆင်မပြေသည့်အတွက် စားဝတ်နေရေးလိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN မှ နော်ငါးခူရှီး က ပြောသည်။

“လက်နက်ကြီးနေ့တိုင်းပစ်တယ်၊ အများကြီးပစ်တယ်ဆိုတော့ ပြည်သူလူထုက ထွက်ပြေးရတယ်၊ ရွာမှာနေလို့မရဘူး၊ ပြီးတော့ ကမမောင်းနဲ့ ဖါပွန်ကြားမှာ ပေါ့နော်၊ ပြီးတော့ ကျွန်မတို့ရတဲ့ အချက်အလက်အရ အဲမှာ ငါးထောင်ကျော်က သူတို့ အစားအစာပေါ့နော် တကယ်လိုတဲ့ ဆန်တွေ သယ်လို့မရဘူးပေါ့နော်၊ သူတို့ ထွက်ပြေးရတာဆိုတော့ သူတို့ဘာမှ သယ်လို့မရတာ အဲမှာ ငါးထောင်ကျော်ရှိတယ်” နော်ငါးခူရှီး က ပြောသည်။

စစ်ဘေးရှောင်လာသည့်ပြည်သူများမှ နယ်စပ်ဒေသတွင် နေထိုင်ရန် အဆောင်အအုံ အဆင်မပြေခြင်း၊ သောက်သုံးရေသန့်များ မရရှိသည့်အတွက် ဝမ်းရောဂါဖြစ်ပွားမှုများလည်း ရှိနေသည်ဟု သိရသည်။

KNU တပ်မဟာ(၅) ပြောခွင့်ရ ပဒိုမန်းမန်းက ထွက်ပြေးတိမ်းရှောင်လာပြည်သူများကို ကရင်အခြေပြုလူမှုအဖွဲ့အစည်းများအပြင် အခြားတိုင်းရင်းသားအဖွဲ့အစည်းများလည်း ကူညီမှုများရှိနေပြီး ဗမာတိုင်းရင်းသားများမှ ကူညီပံပို့နေသည်ကို မြင်တွေ့နေရသည်ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

“စားဝတ်နေရေးကတော့ ထိုင်းရွာသားတွေနဲ့ ထိုင်းမှာရှိနေတဲ့ ဒေသခံရွာသားတွေနဲ့ နောက် ကျွန်တော်တို့ ကရင်တွေအပြင် တခြား CSO တခြားတိုင်းရင်းသား အစုအဖွဲ့တွေကလည်း ဝိုင်းကူညီပံ့ပိုးတာလည်း ရှိတာပေါ့၊ ပြောစရာလေး တစ်ခုရှိတာကတော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေ အထူးသဖြင့် ဗမာတိုင်းရင်းသားတွေကိုယ်၌က ဒီအပေါ်မှာ အလှူငွေတွေ ပစ္စည်းတွေ ပို့ဆောင်နေတာ တွေ့ရတဲ့အခါကျတော့ ပြည်သူလူထုကြားထဲမှာ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာမှုတွေ၊ ကူညီပံ့ပို့မှုတွေ ရှိနေတာကပဲ မြင်တွေ့နေရတယ်” ဟု ပဒိုမန်းမန်းက ပြောသည်။

သို့သော်လည်း လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများရှိနေသည့်အတွက် ဖာပွန်-ကမမောင်း လမ်းမကြီးလည်း ဆက်လက်ပိတ်ထားကာ အလှူရှင်များ သွားရောက်လှူဒါန်း၍ မရဖြစ်နေသည်ဟု သိရသည်။

စစ်ရှောင်လူဦးရေ များပြားသည့်အတွက် ရေရှည်တွင် စားဝတ်နေရေး အခက်အခဲကြုံတွေ့နိုင်သလို မိုးတွင်းကာလ ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် နေထိုင်ရေး အဆောက်အအုံများလည်း လိုအပ်သည်ဟု နော်ငါးခူရှီးက ဆိုသည်။

“အခုက မိုးတွင်းလည်းရောက်လာပြီ အခုက သူတို့လည်း ပြီးခဲ့တဲ့ အပတ်ဆို ထိုင်းမှာလာနေတယ်၊ လွန်ခဲ့တဲ့ ၃ ရက်က ထိုင်းတွေက သူတို့ကို အကုန်လုံးပြန်ပို့တယ် ဟိုဖက်ကို ပြန်ခိုင်းတယ်ဆိုတော့ ဟိုဖက်ကို ပြန်ရတယ်။ အခုဆိုရင် သူတို့မှာ ခက်တာပေါ့နော် အဆောက်အအုံတွေကလည်း သေသေချာချာဆောက်ထားတာကလည်း မရှိဘူး အစားအစာက ခုဆိုရင် လုံးဝကို ဝင်လို့မရဘူး ထိုင်းတွေက ပိတ်ထားတယ်။ ပြီးတော့လည်း NGO တွေ အဲဖက်ကို သွားလို့မရဘူး၊ ဝင်လို့မရဘူး၊ ရိက္ခာအစားအစာတွေက ပို့လို့မရဘူး၊ နောက်ကို လမ်းမဖွင့်ဘူးဆိုရင်တော့ အရမ်းခက်မယ်၊ ပြီးတော့ ဒုက္ခရောက်ကြမယ်ထင်တယ်” ဟု ပြောသည်။

KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာနယ်စပ်ရှိ သောလယ်ထာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က တက်ရောက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်မှုများရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိုင်းနယ်စပ်တို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မတ်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး ကျေးရွာများ၊ ကျေးရွာအတွင်းရှိ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သား ၃၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 




ကရင်စစ်ဘေးရှောင်ပြည်သူများ

Report-SWO

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts