မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၉)
မွန်ပြည်နယ် ရေးမြို့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း နေအိမ်အနီး ယနေ့နံနက် ၂ နာရီကျော်ခန့်က ဗုံးတစ်လုံးပေါက်ကွဲသဖြင့် အနီးရှိနေအိမ်တစ်ချို့ ပြတင်းမှန်များကွဲအက်ခဲ့ကြောင်း သတင်းရရှိသည်။
ဦးမျိုးဝင်းက “ညက ၂ နာရီလောက် ကျွန်တော့အိမ်ခေါင်းရင်းမှာ ဗုံးတစ်လုံး လာခွဲသွားတယ်၊ အိမ်အချို့ အစအနတွေမှန်ပြီး မှန်တွေကွဲ၊ ထိခိုက်ပျက်စီးမှု ရှိတယ်လို့ကြားရတာ စိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
စစ်အာဏာသိမ်းသည့်ကာလမှစတင်၍ ရေးမြို့ပေါ်ဆန္ဒပြပွဲများဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ NLD ပါတီတက်ကြွလှုပ်ရှားသူများအား လိုက်လံဖမ်းဆီးနေသဖြင့် ဘေးလွတ်ရာသို့ ဦးမျိုးဝင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နီးစပ်သူများက ပြောသည်။
“အိမ်မှာရှိနေတာက သူငယ်ပြန်ချင်နေတဲ့ အသက်(၉၃) နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေအပါအဝင် မိန်းမသား (၃)ဦးပဲရှိတာ၊ သူတို့က အေးဆေးသမားတွေ၊ မိုးလင်းရင် ဘုရားသွား ဆွမ်းတော်ကပ် ဘုန်းကြီးဆွမ်းလောင်း ဘုရားတရားနဲ့ နေသူတွေ ဘာကိုရည်ရွယ်ပြီး လုပ်ကြပါလိမ့်” ဟု ဦးမျိုးဝင်းက ဆိုသည်။
အလားတူ ယမန်နေ့မွန်းလွဲပိုင်းအချိန်ခန့်က လမိုင်းမြို့နှင့် ဒုံဖီကျေးရွာလမ်းမကြီးအကြား နားလည်မှုဖြင့်ဖွင့်လှစ်ထားသော ကြက်ဝိုင်းတစ်ခုအတွင်း ဗုံးတစ်လုံးပေါက်ကွဲသဖြင့် လူအချို့ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အတူ ရေးမြို့ မြို့နယ်ပညာရေးမှူးရုံးတွင် ဧပြီ ၂၅ ရက်နေ့ နံနက်စောစောပိုင်းက အသံဗုံးတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရုံးခန်းပြူတင်းပေါက်တံခါးလေကာမှန် ၆ ချပ်ကွဲခဲ့သည်။
ထို့ပြင် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စုနေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ ခြံဝင်းအတွင်း၌ ဧပြီ ၂၅ ရက်နေ့က စနက်တံဖြုတ်ထားသော လက်ပစ်ဗုံး ၁ လုံးနှင့် တပ်ဆင်ထားသည့် လက်လုပ် မိုင်း ၂ လုံး တွေ့ရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။