spot_img
Sunday, January 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲ (၂၂) ရက်မြောက်တွင် လူငယ်တစ်ဦး သေနတ်ထိမှန်သေဆုံး

    မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲ (၂၂) ရက်မြောက်တွင် လူငယ်တစ်ဦး သေနတ်ထိမှန်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ(၁ မတ်လ ၂၀၂၁)

    စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲကို မော်လမြိုင်မြို့တွင် နေ့စဉ်ဆက်တိုက်ပြုလုပ်လျှက်ရှိရာ (၂၂) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့က လူငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    ဈေးကြိုရပ်ကွက်တွင် ညနေ ၅ နာရီခွဲအချိန်ခန့်က လုံထိန်းတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသူ အသက် (၂၁) နှစ်အရွယ်ရှိ မောင်ဇင်မျိုးသူ၏ ဦးခေါင်းရှေ့နဖူးကို ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။

    စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် သပိတ်စစ်ကြောင်းအသီးသီးကို စစ်တပ်နှင့် ရဲလုံထိန်းတပ်ဖွဲ့တို့ အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် မော်လမြိုင်မြို့ပေါ်တွင် ဖေဖော်ဝါရီ ၂၈ ရက် တစ်နေ့အတွင်း လူ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အလားတူ ရေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်အဖြစ်ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူတစ်ဦးဒဏ်ရာရရှိပြီး ဖမ်းဆီးခဲ့သည့်ဆန္ဒပြသူတစ်ဦးကိုလည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ 

    ရေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အင်အား ၂၀၀၀၀ ကျော်နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ပြီး ပြည်သူ့ရင်ပြင်၌ စုရုံးရောက်ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များ လာရောက်ပိတ်ဆို့၍ စစ်ကား၊ ရဲကား၊ ရေကားများ မြို့အတွင်းလှည့်လည်ခဲ့သော်လည်း လူထုများက ကမ်းနားဈေးတွင်ပြန်စု၍ မြို့ပေါ် ငြိမ်းချမ်းစွာ လှည့်လည်ခဲ့သည်။

    ထို့အပြင် သံဖြူဇရပ်မြို့ မြို့လယ်ရတနာပုံရုပ်ရှင်ရုံဟောင်းနေရာအနီး ကျိုက်ခမီလမ်းမကြီးပေါ်တွင် ဆန္ဒပြပြည်သူများ ချီတက်ရောက်ရှိလာစဉ် ရဲနှင့်စစ်တပ် လုံထိန်းတပ်ဖွဲ့ဝင်များမှ အသံမိုင်း ၃ လုံးဖြင့် လူစုခွဲခဲ့ပြီး လူငယ် ၂ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများက ဖုန်းဆက်ပြောကြားခဲ့သည်။ 

    အလားတူ သထုံ၊ ဘီးလင်းနှင့် ကျိုက်ခမီမြို့များတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း လူမှုကွန်ယက်စာများပေါ်တွင် သတင်းများပြန့်နံှ့လျှက်ရှိသည်။

    ဖေဖော်ဝါရီ ၂၈ ရက်နေ့တစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးအပါဝင် နိုင်ငံတဝန်းမြို့ကြီးအားလုံးလိုလို ဆန္ဒပြပွဲများအရှိန်မြင့်ဖြစ်ပွားခဲ့ရာတွင် ရဲနှင့်စစ်တပ်လုံထိန်းတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်နှင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် မြန်မာနိုင်ငံတဝန်း လူ ၂၆ ယောက် သေဆုံးသွားရကြောင်း Generation Z က ပြောကြားလိုက်သော်လည်း MRTV သတင်းဖော်ပြချက်တွင် ယမန်နေ့က ၈ ယောက် သေဆုံးခဲ့ပြီး တနိုင်ငံလုံးတွင် လူ ၅၇၁ ယောက် ဖမ်းဆီးခဲ့သည့်အနက် ရန်ကုန်မှ ၃၂၂ ယောက်ပါဝင်ကြောင်း သိရသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁ ရက်မှ ယမန်နေ့အထိ လူ ၁၁၃၂ ယောက် ဖမ်းဆီးခံထားရပြီး ၃၀ ယောက်ခန့် သေဆုံးခဲ့ရကြောင်း စာရင်းပြုစုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts