မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

မုဒုံမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦးကို အစားထိုးခန့်အပ်တာဝန်ပေး

မင်းသစ္စာခိုင်(၀၂ မတ်လ ၂၀၂၁)

ရပ်ကွက်/ကျေးရွာအုပ်စု (၄၂) ခုရှိသည့် မုဒုံမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၂၄) ဦးကို ပြီးခဲ့သည့်သီတင်းပတ်တွင် အစားထိုးလိုက်ပြီး ကျန်လူဟောင်း (၁၈) ဦးတို့ကို ဆက်လက်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအချို့ကို တာဝန်မှရပ်စဲလိုက်ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ယင်းသို့ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

“အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူး (၂၄) ယောက်မှာက ကြံ့ခိုင်ရေးကလူတွေ ပါမယ်။ အရင်ခေတ်က အုပ်ချုပ်ရေးမှူးတွေ၊ တချို့တွေတော့ စစ်မှုထမ်းဟောင်းတွေ ပါတယ်။ သူတို့ Target က NLD က လူတွေကို လုံးဝ မခန့်ဘူး” ဟု မုဒုံမြို့နယ် ထွေအုပ်ရုံးနှင့်နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

မုဒုံမြို့မရပ်ကွက် ၃ ခု၊ ဘဲရမ်း၊ ကြုံဖိုက်၊ ညောင်ကုန်း၊ အခွန်၊ တခွန်တိုင်၊ နိုင်လှုံ-လက်တက်၊ ထောင်ကေး၊ ဝဲကလိ၊ ကလော့သော့၊ ကော့ပီထော၊ တောင်ပ၊ ထုံမံ၊ ကွမ်ခဗွီး၊ ဆက်သွယ်နှင့် ရောင်ဒေါင်းကျေးရွာအုပ်စု (၁၈) ခုကို NLD လက်ထက်က ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးဟောင်းများအား ဆက်လက်တာဝန်ပေးထားကြောင်း သိရသည်။

သို့ရာတွင် မုဒုံမြို့နယ်မြောက်ပိုင်းရှိ မှိန်းကနိမ်း၊ ကော့ခပုံ၊ ဂတုံးပေါ်၊ ကော့ပရံ ကျေးရွာများတွင် ယခုအသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ရပ်ကွက်ရုံးရှေ့၌ ဗီးနိုင်းကပ်ထားခြင်း၊ ကျေးရွာနေပြည်သူများက ဆန္ဒပြခြင်းများ ပြုလုပ်နေကြောင်း လူမှုမီဒီယာများတွင် တွေ့ရသည်။

တဖက်တွင်လည်း NLD ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူများကိုလည်း ပါတီမှထုတ်ပယ်ကြောင်း အမိန့်စာထုတ်ပြန်နေသည်ကိုလည်း တွေ့ရသည်။

မွန်ပြည်နယ်တွင် ခရိုင် (၂)ခု၊ မြို့နယ် (၁၀) ခု၊ မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) ကျေးရွာအုပ်စုပေါင်း (၁၁၅၂) ရှိကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာ၊ ကိုဗစ်လူနာတစ်ဦးသေဆုံး

မွန်သတင်းအေဂျင်စီ (၁၁ ဇွန် ၂၀၂၁) ယခုလအတွင်း မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မော်လမြိုင်ဆေးရုံကြီးမှ …

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.