Homeသတင်းထီဖွင့်ရက်မတ်လ ၁၅ ရက်သို့ပြောင်းလဲ အစိုးရအောင်ဘာလေထီထိုးသူနည်းပါးလာ

ထီဖွင့်ရက်မတ်လ ၁၅ ရက်သို့ပြောင်းလဲ အစိုးရအောင်ဘာလေထီထိုးသူနည်းပါးလာ

-

ယဉ်ထောမွန် (၂၅ ဖေဖော်ဝါရီလ ၂၀၂၁)

နိုင်ငံတဝန်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် ထီလုပ်ငန်းများ ရောင်းချနိုင်မှုမရှိခြင်းနှင့် ထီကံစမ်းသူပြည်သူများလည်း ထီးထိုးရန် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် လစဉ်အောင်ဘာလေထီဖွင့်ပွဲကို မတ်လ ၁ ရက်နေ့အစား ၁၅ ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်ထားကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆန္ဒပြသူများက အစိုးရအောင်ဘာလေထီများ ထိုးခြင်းမပြုကြရန် လူမှုကွန်ရက်ပေါ်တွင်ကမ်ပိန်းပြုလုပ်ကြသဖြင့် ထီထိုးကံစမ်းသူ လွန်စွာနည်းပါးသွားခဲ့ပြီး ထီရောင်းအားကျဆင်းသွားကြောင်း ထီရောင်းချသူများက ပြောကြသည်။

မော်လမြိုင် မိုးယံရွှေလမင်းမြတ်ဆုကုဋေဆိုင်မှ ထီရောင်းသူတစ်ဦးက “ဒီလအတွက်ရောင်းအားကတော့ ဈေးဦးပေါက်ရုံပဲရောင်းရတယ် အခြေအနေတော်ဆိုးတယ်၊ ထီဖွင့်မဲ့ရက်ကိုရွေ့လိုက်တော့ ထီသည်တစ်ယောက်အနေနဲ့ကတော့ဝမ်းသာပါတယ် ဒါပေမယ့်လူတွေကတော့ CDM လုပ်မယ် မထိုးဘူးဆိုတော့ ရောင်းအားတော့ ဘယ်လောက်မှလည်းတက်လာမှာမဟုတ်ဘူး အရှုံးထဲက ငွေနည်းနည်းလေးပြန်ပေါ်လာမယ်လို့တော့  မှန်းထားတယ်” ဟု ဆိုသည်။

သို့သော် (၂၆)ကြိမ်မြောက်အတွက် အောင်ဘာလေထီလက်မှတ်များကို ပုံမှန်အတိုင်း ၂၀၂၁ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး အောင်ဘာလေထီဖွင့်ပွဲကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သံဖြူဇရပ်မြို့နယ် ပငရွာမှ ထီရောင်းချသူတစ်ဦးက “မတ်လအတွင်းမှာ နှစ်ကြိမ်စာကိုရောင်းရမယ် ရက်လည်းတိုတော့ ကျွန်တော်တို့က လက်ရှိဒီအကြိမ်ဟောင်းထီကုန်သွားဖို့ပဲ လုံးပန်းနေရတာပါ၊ ထီအသစ်ထုတ်ဖို့ ခေါင်းထဲမှာမရှိသေးဘူး” ဟု ပြောသည်။

အောင်ဘာလေသိန်းဆုဌာနခွဲသည် (၂၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်များကို မူလအက္ခရာ ၃၉ လုံး ထီအုပ်ရေ(၃,၁၉၀,၉၀၂) အုပ်ကို ခွဲဝေရောင်းချခဲ့ပြီး ထီကံစမ်းသူပြည်သူများကို ထီဆုငွေအဖြစ် ၆၀% အား ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးကြောင်း သိရသည်။

အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲအထိ ကံထူးနိုင်မည့်ထီတစ်စောင်ကို ကျပ်တစ်ထောင်ဖြင့် ရောင်းချရန် အစိုးရသတ်မှတ်ပေးထားပြီး ဈေးတင်ရောင်းချတာမျိုးမလုပ်ရန် ထုတ်ပြန်ထားသော်လည်း ဝယ်ယူကံစမ်းသူများအနေဖြင့် ထီတစ်စောင် ကျပ် ၁၁၀၀ ကနေ ၁၅၀၀ အထိ ဝယ်ယူကံစမ်းနေရကြောင်း တွေ့ရှိရသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts