Homeငြိမ်းချမ်းရေးစစ်အာဏာသိမ်းမှုအား မွန်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက် ကန့်ကွက်ရှုတ်ချ

စစ်အာဏာသိမ်းမှုအား မွန်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက် ကန့်ကွက်ရှုတ်ချ

-

မွန်သတင်းအေဂျင်စီ (၆ ဖေဖော်ဝါရီ ၂၀၂၁)

တပ်မတော်မှအာဏာသိမ်းလိုက်ခြင်းသည် ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုပျက်သုဉ်းစေသောကြောင့် မွန်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက် Mon Civil Society Organization’s Network မှ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။

ထို့အတူ ဒီမိုကရေစီထွန်းကားရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် တိုင်းရင်းသားညီနောင်များ မွန်ပြည်သူများနဲ့အတူ တစ်တပ်တစ်အား ပါဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

“ဖေဖော်ဝါရီ တစ်ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ တပ်မတော်က အာဏာသိမ်းလိုက်တဲ့ ကိစ္စအပေါ်မှာ ကျမတို့ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပြောလိုတာက တစ်ကမ္ဘာလုံးမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီယဉ်ကျေးမှု ပျက်သုဉ်းစေတဲ့အတွက်ကြောင့် ကျမတို့အပြင်းအထန် ရှုတ်ချပါတယ်” ဟု Mon CSO’s Network ပြောခွင့်ရ မိကွန်းချမ်းနွန်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု တပ်မတော်ပြောဆိုထားသော်လည်း ရွေးကောက်ပွဲတွင် မဲပေးခဲ့သည့်ပြည်သူလူထုများ၏ ဆန္ဒများကိုအလေးထားရမည်ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုအရ အနိုင်ရနိုင်ငံရေးပါတီများနှင့် ပြန်လည်ဆွေးနွေး၍ တပ်မတော်က နိုင်ငံရေးအာဏာ ပြန်လည်အပ်နှင်းရန် တောင်းဆိုထားသည်။

“ရွေးကောက်ခံကိုယ်စားလှယ်တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီးတော့ တဖက်သတ်အမှုတင်တာ ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့် စုရုံးခွင့်တွေကို ကန့်သတ်တာ နောက်ပြီးအင်တာနက် ဆက်သွယ်ရေးတွေ ပိတ်ပင်တာဟာ နိုင်ငံတကာလူ့အခွင့်အရေး ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတို့ကို လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ တိုက်တွန်းအကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် မွန်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်က တိုက်တွန်းထားသည်။

မွန်အရပ်ဖက်လှုမှုအဖွဲ့အစည်းတွင် မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အခြေစိုက်သော မွန်တိုင်းရင်းသားတို့၏ CBO, CSO အဖွဲ့အစည်း ၆၀ ကျော်ပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts