HomeCovid 19ရေးမြို့မရဲစခန်းရှိ အချုပ်သား ၃၄ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

ရေးမြို့မရဲစခန်းရှိ အချုပ်သား ၃၄ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ

-

ဗညားပိုင် (၂၂ ဇန်နဝါရီ ၂၀၂၁)

ရေးမြို့မရဲစခန်းရှိ အချုပ်သား ၇၅ ဦးကို RDT (Test Kit) ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ရာ ၃၄ ဦး ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက် (ရေးမြို့နယ်) ညှိနှိုင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

“၁၈ ရက်နေ့က ရေးမြို့မရဲစခန်း တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ ထောင်ကျတဲ့သူတစ်ယောက်ကို မော်လမြိုင်ထောင်ကိုသွားပို့တော့ ထောင်အဝင်မှာ Test Kit နဲ့စစ်ဆေးတော့ Positive တွေ့တယ်။ ပြီးတော့ သူနေခဲ့တဲ့ ရေးမြို့မရဲစခန်း အချုပ်နံပါတ် ၁ မှာ အတူနေခဲ့တဲ့ လူတွေအားလုံးကို RDT Kit နဲ့ စစ်ဆေးတော့ ပိုးထပ်တွေ့တယ်” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သည့် ရေးမြို့မရဲစခန်းမှ အချုပ်သားများသည် ခရီးသွားရာဇဝင် မရှိ၊ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့ကြောင်း၊ လက်ရှိတွင် မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကုသနေကြောင်း ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

“ကုသတာကတော့ သူတို့ကို ပုံမှန်ပဲထိန်းသိမ်းထားမယ် ထမင်းကျွေးတယ်၊ လိုအပ်တဲ့ အားဆေးတွေပေးမယ်၊ ခုက တစ်ကြိမ်ပဲစစ်ထားသေးတယ် ထပ်စစ်လို့ ရောဂါလက္ခဏာမရှိဘူး ရက်ပြည့်ရင်တော့ ပေးပြန်မှာပေါ့နော်” မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

ယခုလအတွင်း တစ်နေ့လျှင် ကိုဗစ်-၁၉ ကူးစက်မှုအတည်ပြုလူနာ ၃၀ ဦး မှ ၄၀ ဦးကြားတွေ့နေရပြီး၊ ရောဂါပြင်းထန်သည့်လူနာများလာသဖြင့် သေဆုံးမှုနှုန်းလည်း မြင့်တက်လာကြောင်း ၎င်းက ဆက်ပြောသည်။

ရေးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က “ပိုးတွေ့တဲ့ အချုပ်သားတွေကို မော်လမြိုင် မြေနီကုန်းက ကျန်းမာရေးဝန်ထမ်းအိမ်ယာမှာ ထားတယ်၊ လုံခြုံရေး ချထားတယ်၊ ခုလောလောဆယ် စခန်းကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် Lockdown ချထားပါတယ်၊ စခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုတော့ မနက်ဖန်လောက်မှ စစ်မယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၃၂၂၃ ဦးရှိပြီး၊ ရောဂါမှ ပြန်လည်သက်သာလာပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၇၈၂ ဦး၊ သေဆုံးသူဦးရေ  ၃၅ ဦးရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး၌ ဇန်နဝါရီလ ၂၁ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃၆,၁၆၆ ဦးရှိပြီး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၁၉,၉၇၃ ဦး၊ သေဆုံးသူဦးရေ ၃,၀၁၃ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေ့စဉ်ပိုးတွေ့လူနာအရေအတွက် ၅၀၀ အောက်သို့ ကျဆင်းလျှက်ရှိလာသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts