Homeသတင်းNLD အစိုးရတွင် ဖက်ဒရယ်အရေး အလေးထားဆောင်ရွက်မည့်အစီအစဥ်မရှိသေးသည်ကို တိုင်းရင်းသားများသတိချပ်စေလို

NLD အစိုးရတွင် ဖက်ဒရယ်အရေး အလေးထားဆောင်ရွက်မည့်အစီအစဥ်မရှိသေးသည်ကို တိုင်းရင်းသားများသတိချပ်စေလို

-

အယ်ဒီတာအာဘော် (၀၂ ဇန်နဝါရီ ၂၀၂၁)
“ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု” သို့တည်းမဟုတ် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” ဆိုသည့်စကားရပ်ကို မျက်မှောက်ခေတ်တွင် လူထုအကြား လွတ်လပ်စွာ ဆွေးနွေးပြောဆိုနေကြပါပြီ။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အနှစ် ၅၀ နီးပါးခန့် ဒီမိုကရေစီဆိတ်သုဉ်းခဲ့သည့်ကာလတလျှောက်လုံးတွင် အာဏာကိုချုပ်ကိုင်ထားသောအစိုးရ အဆက်ဆက်တို့က “ဖက်ဒရယ်”ဆိုသည်မှာ ခွဲထွက်ရေးဖြစ်သည်ဟု ဝါဒဖြန့်ခဲ့သကဲ့သို့ ရေးသားပြောဆိုသူများကိုလည်း ကြီးလေးသောထောင်ဒဏ်များ ချမှတ်သည့်သာဓကများစွာ ရှိခဲ့သည်။

နှစ်ပေါင်း ၇၀ ကျော် အင်္ဂလိပ်ထံမှ မြန်မာပြည်လွတ်လပ်ရေးစတင်ရရှိခဲ့စဉ်ကတည်းက ပင်လုံစာချုပ်ပါကတိကဝတ်များကို မျက်ကွယ်ပြုပြီး လက်ရှိနိုင်ငံတော်ကို အာဏာရ အစိုးရအဆက်ဆက်တို့ စိတ်ကြိုက်စီမံအုပ်ချုပ် တည်ဆောက်လာခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။

အလားတူ ပင်လုံစာချုပ်ပါကတိကဝတ်အတိုင်း လက်ရှိနိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ပေးရန်ပျက်ကွက်ခဲ့သည့် အုပ်ချုပ်သူ အစိုးရအဆက်တို့ကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုမရသည့်အဆုံး တိုင်းရင်းသားအများစု လက်နက်ကိုင်တောင်းဆို တိုက်ပွဲဝင်လာခဲ့သည်မှာလည်း လွတ်လပ်ရေးနှင့်အပြိုင် ယနေ့အထိတိုင် သက်သေပြနေသည်။

ထို့ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေးအနေအထားမှာ ဖက်ဒရယ်နိုင်ငံ မတည်ဆောက်ပါက ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်မည်မဟုတ်သကဲ့သို့ ပကတိဖြစ်တည်နေသော ရွေးကောက်တင်မြှောက်ထားသောအစိုးရနှင့် တပ်မတော်အစိုးရနှစ်ရပ်အကြား လက်ရှိဆောင်ရွက်လျှက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း တစ်ဆို့မှုများဖြင့်သာ ဆက်လက်၍အချိန်ကုန်နေရဦးမည် ဖြစ်ပါသည်။  

ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြိုအနိုင်ရသည်ဆိုသာ်လည်း ပကတိနိုင်ငံရေးအခင်းအကျင်းအရ လွှတ်တော်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စိတ်ကြိုက် ပြင်ဆင်နိုင်မည့်အနေအထား မရှိပေ။ 

ထို့အတူ ဒီမိုကရေစီရပြီးမှသာ ဖက်ဒရယ်ကိုစဉ်းစားမည်ဟု အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သဘောထားကို ပါတီထိပ်တန်းခေါင်းဆောင်များက မီဒီယာများမှတဆင့် တိုင်းရင်းသားများအား ရှင်းလင်းပြတ်သားစွာ အသိပေးပြောကြားထားပြီး ဖြစ်သည်။ 

သိသာမြင်သာသည့်အချက်မှာ ပြီးခဲ့သည့် NLD အစိုးရပထမသက်တမ်း ၅ နှစ်ကာလအတွင်း ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းတံတားနှင့် ဗိုလ်ချုပ်ကြေးရုပ်လွှမ်းမိုးရေးတို့ကို လက်တွေ့ပြသခဲ့ပြီးလည်း ဖြစ်ပါသည်။

လက်ရှိတွင် NLD ပါတီအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး တိုင်းရင်းသားဆန္ဒ အလေးထားပြီးဆောင်ရွက်မည့် ဘုံရည်မှန်းချက်အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီအား ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းလာသည့်အပေါ် ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ မျှော်လင့်စရာအိပ်မက်တစ်ခု ပေးထားသလိုဖြစ်နေသည်ကို သတိမူသင့်ပါသည်။

သို့ဖြစ်ပါ၍ မကြာမီဖွဲ့စည်းတော့မည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တိုင်းရင်းသားများ လိုလားတောင်းဆိုနေကြသော ဖက်ဒရယ်ပြည်ထောင်စုအရေး အလေးထားဆောင်ရွက်ပေးမည့် အစီအစဥ်မရှိသေးသည်ကို တိုင်းရင်းသားခေါင်းဆောင်များ သတိချပ်မိစေရန်နှင့် လွှတ်တော်ပြင်ပမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား သက်ဆိုင်သူများ အားလုံးပါဝင်ပြီး လက်တွေ့ကျကျ ဦးစားပေး၍ အရှိန်မြှင့်ကြိုးပမ်းလုပ်ဆောင်ကြပါရန် မွန်သတင်းအေဂျင်စီမှ အလေးအနက်တိုက်တွန်းတင်ပြအပ်ပါကြောင်း။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts