Homeသတင်းကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online ပြိုင်ပွဲကျင်းပ

ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online ပြိုင်ပွဲကျင်းပ

-

ယဉ်ထောမွန် (ဒီဇင်ဘာ ၁ ၊၂၀၂၀)

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS Days အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ရှိ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လူငယ်များကိုဦးတည်သည့် online ပြိုင်ပွဲများ ယနေ့တွင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Covid 19 ကာလတွင် လူစုလူဝေးဖြင့် အခမ်းအနားကျင်းပမရသောကြောင့် HIV နှင့်ပတ်သက်သော ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို Online Quiz ပုံစံ ပြုလုပ်ခြင်း၊ ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက World AIDS Day နှင့်ပတ်သက်သော ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်ဖြန့်ခြင်းအပြင် မော်လမြိုင်မြို့အတွင်း Mask ကမ်ပိန်းများလည်း ပြုလုပ်ခဲ့ကြောင်း ကာလသားတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောသည်။

“ ပြိုင်ပွဲကတော့ အဓိက လူငယ်တွေကို ရည်ရွယ်တာပေါ့၊ မွန်ပြည်နယ်အတွင်း လူငယ်တွေက HIV ရောဂါနဲ့ပတ်သက်ပြီးတော့ ဗဟုသုတဘယ်လောက်ရှိလဲ သိချင်တာရယ်၊ ကမ်ပိန်းမှာ လူငယ်တွေ ပါဝင်နိုင်စေဖို့ ရည်ရွယ်တာဖြစ်တယ်” လို့ ဒေါက်တာမင်းသူက ဆိုသည်။

၂၀၂၀ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အတွက် “အားလုံးညီညွတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့” အထိမ်းအမှတ် Online လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုကိုဗစ်ကာလမှာဆိုရင် ART ရဖို့ ကြန့်ကြာမှုတွေရှိတတ်တယ် ဆေးဖြန့်ဖြူးတဲ့နေရာမှာလည်း အခက်အခဲတွေရှိနိုင်တယ်၊ ဒါပေမယ့် ဆေးပြတ်သွားမှာကို မစိုးရိမ်စေချင်ဘူး ကျွန်တော်တို့က ဆေးဝါးပုံမှန်ရအောင် ဆောင်ရွက်ပေးနေပါတယ်၊  ဒီကိုဗစ်ကာလမှာ ဆေးလာယူဖို့ ခက်ခဲတဲ့ လူနာတွေကို ကျွန်တော်တို့ အရောက်ပို့ပေးနိုင်မယ်ဆိုရင် ပို့ပေးတယ်၊ ပို့လို့ အဆင်မပြေရင်တော့ နီးစပ်ရာ ART ဆေးခန်းတွေမှာ အဆင်ပြေအောင်စီစဉ်ပေးထာမယ်”ဟု ဒေါက်တာမင်းသူက ဆက်ပြောသည်။   

သွေးနှင့်ကိုယ်ခန္ဓာအတွင်း ရှိနေသော HIV ရောဂါပိုးများ ဆက်လက်မပြန့်ပွားစေရန် ထိန်းချုပ်ပေးနိုင်သည့် ART (Antiretroviral Therapy) ဆေးဝါးကို မွန်ပြည်နယ်အတွင်း လူနာ ၇ ထောင်နီးပါးခန့်သုံးစွဲလျှက်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ART ဆေးကု Center ပေါင်း ၃၆၂ ခုရှိပြီး လူနာပေါင်း ၁၉၇,၀၀၀ ဦးခန့်ကို ဆေးကုသပေးလျက်ရှိကြောင်း ၂၀၂၀ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနား၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

“စိန်ခေါ်မှု မှန်သမျှုကို ပြည်သူလူထုများ လွှတ်တော်ကိုယ်စားလှယ်များ လူမှုအဖွဲ့အစည်းများအားလုံးပါဝင်တိုက်ဖျက်ကြမယ်ဆိုရင် လာမည့် ၂၀၃၀ ခုနှစ်တွင် HIV ရောဂါပိုး ကူးစက်မှုကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမည်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဆိုသည်။

ကမ္ဘာ့ AIDS နေ့ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပထမဆုံး သတ်မှတ်ကျင်းပခဲ့ရာ မော်လမြိုင်မြို့ကာလသားရောဂါ တိုက်ဖျက်ရေးဌာနအနေဖြင့် (၁၈) ကြိမ်မြောက် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts