spot_img
Monday, January 20, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းNLD ၏ တရားဝင်ကမ်းလှမ်းချက်မရောက်သေးသဖြင့် MUP သဘောထားမှတ်ချက်ပေးစရာမရှိသေးဟုဆို

    NLD ၏ တရားဝင်ကမ်းလှမ်းချက်မရောက်သေးသဖြင့် MUP သဘောထားမှတ်ချက်ပေးစရာမရှိသေးဟုဆို

    -

    စိုင်းဝင်းဦး (နိုဝင်ဘာ ၁၆)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လူမှုကွန်ယက်ပေါ်မှ နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ ထုတ်ပြန်ချက်အပေါ် NLD ၏ တရားဝင်ကမ်းလှမ်းချက်မရောက်သေးသဖြင့် မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် သဘောထားမှတ်ချက်ပေးစရာမရှိသေးဟု ဆိုသည်။

    MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ NLD ရဲ့ကမ်းလှမ်းချက်ဟာ ကျနော်တို့ပါတီကို တရားဝင်စာ ရောက်ရှိလာခြင်းမရှိသေးတဲ့အတွက် အဲဒီအပေါ်မှာ ကျနော်တို့က ဘာမှစဉ်းစားဆုံးဖြတ်တာ မရှိသေးဘူး သဘောထားချမှတ်တာမရှိသေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

    သို့ရာတွင် တိုင်းရင်းသားအင်အားစုနှင့် ဒီမိုကရက်တစ်အင်အားစုများ အတူတကွ စုပေါင်းလုပ်ဆောင်မှသာလျှင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မည်ဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို မူလကတည်းက MUP ရပ်တည်လာခဲ့သည်ဟု ၎င်းကဆိုသည်။

    Photo- MUP နိုင်လယိတမ၊ SNLD စိုင်းညွန့်လွင်၊ ANP ဒေါ်အေးနုစိန် (MNA)

    အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဌ စိုင်းညွန့်လွင်က “ပါတီအနေနဲ့တော့ လောလောဆယ် ဘာမှ မရှိသေးဘူး ဘာကြောင့်လည်းဆိုတော့ ဘာဖြစ်လာမလဲဆိုတာ သေချာဘာမှ မသိနိုင်သေးဘူး၊ အနိုင်ရတဲ့ လူတွေရဲ့ ပါတီခေါင်းဆောင်ကနေပြီးတော့ နိုင်ငံတော်ကို ပေးတဲ့ မိန်းခွန်းလာပါလိမ့်မယ် အဲနောက်ပိုင်းမှပဲ ကျွန်တော်တို့ စဉ်းစားရမှာပါ အခုနေစဉ်းစားရင် လွဲမှာပေါ့ ကျွန်တော်တို့ပါတီတွေရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ တန်းတူညီမျှရေး အဲတာတွေကတော့ နဂိုအတိုင်းပါပဲ”ဟု ပြောသည်။

    မည်ကဲ့သို့ရွေးကောက်ပွဲဖြင့် အောင်နိုင်သည့်အစိုးရ ဖြစ်နေပါစေ ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ နိုင်ငံရေး ကတိကဝတ်များကို ရှောင်လွဲ၍မရနိုင်ကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီက အဆိုပါကတိကဝတ်များကို ဖော်ဆောင်ရမည့်တာဝန် ပို၍ရှိပါကြောင်း ၎င်းကဆက်ပြောသည်။

    ထို့အတူ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်က “ပြည်ထောင်စုအရေးကတော့ တစ်ပါတီက လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တယ် ဆိုပေမယ့် ပြည်ထောင်စုဆိုတဲ့ အနှစ်သာရနဲ့ ဆီလျော်အောင် တိုင်းရင်းသားပါတီတွေ အားလုံး ဝိုင်းဝန်း ဖော်ဆောင်ကြမယ့် အခင်းအကျင်းတစ်ခုကိုတော့ စိတ်ကောင်း စေတနာကောင်း ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဆောင်ရွက်သင့်တယ်၊ လက်တွဲဆောင်ရွက်ကြမယ် ပူးပေါင်းဆောင်ရွက်ကြမယ့် အနေအထားတွေကို ဖော်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

    သို့သော် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၉ မြို့နယ်မှ မဲဆန္ဒနယ်မြေကန့်သတ်ထားသဖြင့် လွှတ်တော်အမတ် ဦးရေနည်းနည်းပါးပါးဖြင့်သာ လွှတ်တော်သို့ရောက်ရှိလာသည့်အတွက် လက်ရှိအာဏာရအစိုးရ၏ ခြေလှမ်းသည် လက်ရှိပြည်ထောင်စုအရေးနှင့် ပတ်သက်၍ အသေးစိတ်လုပ်ငန်းစဉ်များ မည်ကဲ့သို့ချမှတ်မည်ကို ကြည့်ပြီးမှပြော၍ရနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏နောက်ဆုံးမဲရလဒ်အတည်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၉၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီ USDP ၃၃ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၁၅ ဦး၊ ရခိုင်အမျိုးသားပါတီ ANP ၈ ဦး၊ တအာင်းပလောင်အမျိုးသားပါတီ TNP ၅ ဦး

    မွန်ညီညွတ်ရေးပါတီ MUP ၅ ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ၅ ဦး၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် PNO ၅ ဦး၊ ကျန်ရှိသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ရခိုင်ဦးဆောင်ပါတီ AFP၊ ဝအမျိုးသားပါတီ WNP၊  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZDC၊ နာဂတောင်တန်းတိုးတက်ရေးပါတီ NDP-K တို့ ကိုယ်စားလှယ် (၁) ဦးစီရရှိတဲ့ စုစုပေါင်း တိုင်းရင်းသားလွှတ်တော်အမတ် ၄၇ ဦးရှိသည်။ 

    လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၉၂၀ ဦး၊ ပြည်ထောင်စုနှင့်ကြ့ခိုင်ရေးပါတီ ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီ ၁၂ ဦး၊ မွန်ညီညွတ်ရေးပါတီက ၁၂ ဦး၊ ပအိုဝ်းအမျိုးသား ဒီမိုကရေစီအဖွဲချုပ်ပါတီ ၁၁ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ၈ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၄ ဦး၊ ရခိုင့်ဦးဆောင်ပါတီ ၃ ဦး၊ ‘ဝ’ အမျိုးသားပါတီ ၃ ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ ၂ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂ ဦး၊ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ၂ ဦး၊ ဒီမိုကရေစီပါတီသစ် (ကချင်) ၂ ဦး၊ ကယန်းအမျိုးသားပါတီ ၁ ဦး၊ ကရင်ပြည်သူ့ပါတီ ၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၁ ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁ ဦးနှင့် တစ်သီးပုဂ္ဂလ ၂ ဦးတို့ဖြစ်ကြောင်း UEC က ဖော်ပြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts