spot_img
Friday, May 3, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေးတိုင်းရင်းသားများ သတိကြီးစွာ စောင့်ကြည့်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရသစ် ပုံစံ

    တိုင်းရင်းသားများ သတိကြီးစွာ စောင့်ကြည့်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရသစ် ပုံစံ

    -

    ဗညားအောင် (နိုဝင်ဘာ ၁၇ရက်၊ ၂၀၂ဝပြည့်နှစ်)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ်များမှာလည်း နေရာအတော်များများအနိုင်ရရှိသည့်အတွက် လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့စည်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ရရှိထားပါပြီ။

    ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ၏ ၂၀၂၀ ရွေးကောက်ပွဲ အပြီးသတ်မဲရလဒ်အရ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၃၉၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီ USDP ၃၃ ဦးနှင့် တိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၁၅ ဦး၊ ရခိုင်အမျိုးသားပါတီ ANP ၈ ဦး၊ တအာင်းပလောင်အမျိုးသားပါတီ TNP ၅ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ၅ ဦး၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ၅ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၅ ဦး၊ ကျန်ရှိသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ရခိုင်ဦးဆောင်ပါတီ AFP၊ ဝအမျိုးသားပါတီ WNP၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZDC၊ နာဂတောင်တန်းတိုးတက်ရေးပါတီ NDP-K တို့ စုစုပေါင်း တိုင်းရင်းသားလွှတ်တော်အမတ် ၄၇ ဦး အနိုင်ရထားသည်။

    လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မြေအနေအထားတွင် NLD ၉၂၀ ဦး၊ ပြည်ထောင်စုနှင့်ကြ့ခိုင်ရေးပါတီ USDP ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီ ANP ၁၅ ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီ TNP ၁၂ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ၁၂ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲချုပ်ပါတီ ၁၁ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ၈ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSDP ၄ ဦး၊ ရခိုင့်ဦးဆောင်ပါတီ AFP ၃ ဦး၊ ‘ဝ’ အမျိုးသားပါတီ WNP ၃ ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ZDP ၂ ဦး၊ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ၁ ဦးစီနှင့် တစ်သီးပုဂ္ဂလ ၄ ဦးတို့ ဖြစ်ကြသည်။

    ပြည်ခိုင်ဖြိုးပါတီ ယခင်က အားသာခဲ့သည့် တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်မြေအချို့ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အစိုးရဝန်ထမ်းဦးရေများပြားသည့် နေပြည်တော်ကောင်စီ မြို့နယ် ၁၀ ခုတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ပြည်ခိုင်ဖြိုးပါတီဥက္ကဌတစ်ဦးသာ မဲအနိုင်ရရှိသည့်အနေအထားသို့ ဆိုက်ရောက်လာသည်။

    ၂၀၂၀ ရွေးကောက်ပွဲရလဒ်တစ်ခုလုံးတွင် NLD ပါတီ သောင်ပြိုကမ်းပြိုသာမက အတိုက်အခံပါတီကြီးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မဆလပါတီတစ်ဖြစ်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP ကဲသို့ပင် လူထုထောက်ခံမှုပိုမိုကျဆင်းလာသည်ကို တွေ့ရှိလာရသည်။

    ၂၀၂၀ ရွေးကောက်ပွဲ၏ ထူးခြားချက်မှာ ပါတီပေါင်း ၉၀ ကျော်ပါဝင်ယှဉ်ပြိုင်သည့်အနက် ၁၉ ပါတီသာအနိုင်ရခဲ့ပြီး NLD နှင့် ပြည်ခိုင်ဖြိုးပါတီကလွှဲလျှင် ကျန်သည့်အနိုင်ရပါတီများက တိုင်းရင်းသားပါတီများသာ ဖြစ်နေကြသည်။

    ဝေဖန်ကန့်ကွက်ခံရသည့် ရွေးကောက်ပွဲကော်မရှင်

    ၂၀၁၀-၂၀၁၅-၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပခဲ့ရာတွင် NLD အစိုးရလက်ထက် ယခုရွေးကောက်ပွဲကို ဦးစီးကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က တရားမျှတမှုမရှိဆုံးဟု အဝေဖန်ခံနေရသည်။

    အထူးအဖြင့် NLD မဲအနိုင်ရရှိရန် မသေချာသည့် ရခိုင်နှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေ ၁၅ နေရာတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်လိုက်ခြင်းက ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အားနည်းသွားစေရန် UEC ၏ အထင်ရှားဆုံး ဘက်လိုက်မှုအဖြစ် ရှုမြင်ပြီး အမျိုးမျိုးဝေဖန်ခဲ့ကြသည်။

    ထို့ပြင် ကိုဗစ်ကပ်ရောဂါကာလကို အခွင့်ကောင်းယူလျှက် အမိန့်ကြေညာအမျိုးမျိုးထုတ်ပြန်ခဲ့ပြီး ပြည်တွင်း ပြည်ပစောင့်ကြည့်ရေးအဖွဲ့များနှင့် သတင်းမီဒီယာများကို ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းသည်လည်း အာဏာရပါတီအား ရွေးကောက်ပွဲတွင် အခွင့်သာစေရန် အခြေအနေများဖန်းတီးပေးခဲ့သည်ဟူသည့် ဝေဖန်မှုများလည်း ရှိသည်။

    မဲစာရင်းအကြိမ်ကြိမ်ပြန်လည်ပြင်ဆင်ခဲ့သော်လည်း မှန်ကန်မှုမရှိခြင်း၊ မှတ်ပုံတင်မရှိသူများကို ထောက်ခံချက်ဖြင့် မဲပေးခွင့်ပြုစေခြင်း၊ မှတ်ပုံတင်ပြစရာမလိုသော မဲစလစ်စနစ်ဖြင့်မဲပေးခြင်းသည် မူလရှိသည့်မဲပေးသည့်ဦးရေထက် မဲပေးသည့်ဦးရေပိုလာသည့်အငြင်းပွားမှုများနှင့် မလိုလားအပ်သောမဲမသမာမှုများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိနေရသည်။

    မဲရုံများမှာ ဆရာဆရာမအင်အား မလုံလောက်သဖြင့် လိုအပ်သော လုပ်အားပေးလူငယ်များခေါ်သည့်အခါ NLD လူငယ်များဖြစ်နေခြင်း၊ ကြိုတင်မဲပေးသည့်ရက်ကို နိုဝင်ဘာ(၇)ရက်အထိသတ်မှတ်ခြင်း၊ ရွေးကောက်ပွဲရက်နီးချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆန်ဆီများဝေပေးစေခြင်း၊ NLD ကိုမဲထည့်ပါက ငွေလေးသောင်းပေးမည်နှင့် မဲဆန္ဒရှင်စလစ်များက မဲနှစ်ခါပေးသည့် ဖြစ်စဉ်များဖြစ်စေခဲ့ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်သည့်အတွက် နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌက သတင်းဌာနများသို့ ပြောကြားခဲ့သည်။

    ထို့အတူ “ရွေးကောက်ပွဲ ကော်မရှင်အလိုမရှိ၊ မဲရလဒ်ကို အယုံအကြည်မရှိ၊ ကိုဗစ်ငွေကြေး မဲဝယ်ပေး အလိုမရှိ” စသည့်ကြွေးကျော်သံများဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်နှင့် ဝန်းရံသူ ထောင်ဂဏန်းခန့်တို့ နေပြည်တော်တွင် မကြာခင်ရက်ပိုင်းက ဆန္ဒပြမှုများရှိခဲ့သည်။

    အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနှင့် မတရားမှုများကို ဖြေရှင်းပေးရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် လက်ရှိအာဏာရပါတီ NLD တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ထံ အပြန်အလှန်တိုင်ကြားစာ ပေးပို့နေကြသည်ဟုလည်း သတင်းများကတဆင့် ကြားသိရသည်။

    သို့သော် မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရွေးကောက်ပွဲရလဒ်တွေကို နောက်ဆုံးအပြီးသတ် ကြော်ညာခဲ့ပြီး ဖြစ်သည်။

    NLD ၏ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေး ကမ်းလှမ်းချက်

    “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရပုံစံဖွဲ့စည်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားဆန္ဒ အလေးထားပြီးဆောင်ရွက်မည့် ဘုံရည်မှန်းချက်အတွက် တိုင်းရင်းသားပါတီပေါင်း ၄၈ ပါတီကို နိုဝင်ဘာ ၁၂ ရက်နေ့က NLD ၏ လူမှုကွန်ယက်ပေါ်မှ ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းခဲ့ပါသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က “တကယ်တမ်း အခုလို ကမ်းလှမ်းလိုက်တဲ့အခါမှာ ပြဿနာကို ဖြေရှင်းချင်တဲ့ ထက်သန်တဲ့ ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီတကြိမ်မှာတော့ ထူးခြားတဲ့ အောင်မြင်မှုရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တပ်မတော်ကလည်း ပါတီရယ်၊ နိုင်ငံနဲ့ လူမျိုး အကျိုးအတွက် ဦးထိပ်ထားတဲ့ စေတနာကို နားလည်ပြီးတော့ ပူးပေါင်းဆောင်ရွက်လာမယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်တာတွေတော့ အများကြီးရှိနိုင်တာပေါ့ဗျာ”ဟု သတင်းဌာနကြီးတစ်ခုသို့ ပြောကြားခဲ့သည်။

    သို့ရာတွင် NLD ပါတီ၏ တရားဝင်ကမ်းလှမ်းချက် မရောက်လာသေးသည့်အတွက် ယင်းကမ်းလှမ်းချက်အပေါ် သဘောထားမှတ်ချက်ပေးစရာမရှိသေးဟု မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။

    နိုင်လယိတမက “ NLD ရဲ့ကမ်းလှမ်းချက်ဟာ ကျနော်တို့ပါတီကိုတရားဝင်စာ ရောက်ရှိလာခြင်းမရှိသေးတဲ့အတွက် အဲဒီအပေါ်မှာ ကျနော်တို့က ဘာမှစဉ်းစားဆုံးဖြတ်တာ မရှိသေးဘူး သဘောထားချမှတ်တာမရှိသေးဘူး သို့သော်လည်းပဲ ကျနော်တို့ပါတီမှာ အနာဂတ် ဖက်ဒရယ်ကိုတည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားအင်အားစုနဲ့ ဒီမိုကရက်တစ်အင်အားစုတွေ စုပေါင်းလုပ်ဆောင်မှသာလျှင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မယ်ဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကတော့ ကျနော်တို့ပါတီမှာ မူလကတည်းက ရှိထားပြီးဖြစ်ပါတယ်”

    အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဌ စိုင်းညွန့်လွင်ကလည်း အနိုင်ရပါတီခေါင်းဆောင်၏ မိန့်ခွန်းလာပြီးမှ စဉ်းစားရလိမ့်မည်ဟု ဆိုသည်။

    “ပါတီအနေနဲ့တော့ လောလောဆယ် ဘာမှ မရှိသေးဘူး ဘာကြောင့်လည်းဆိုတော့ ဘာဖြစ်လာမလဲဆိုတာ သေချာဘာမှ မသိနိုင်သေးဘူး၊ အနိုင်ရတဲ့ လူတွေရဲ့ ပါတီခေါင်းဆောင်ကနေပြီးတော့ နိုင်ငံတော်ကို ပေးတဲ့ မိန်းခွန်းလာပါလိမ့်မယ် အဲနောက်ပိုင်းမှပဲ ကျွန်တော်တို့ စဉ်းစားရမှာပါ အခုနေစဉ်းစားရင် လွဲမှာပေါ့ ကျွန်တော်တို့ပါတီတွေရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ တန်းတူညီမျှရေး အဲတာတွေကတော့ နဂိုအတိုင်းပါပဲ၊ နောက်တစ်ချက်ပြောချင်တာက ကျွန်တော်တို့ ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ဘယ်လိုရွေးကောက်ပွဲနဲ့ နိုင်တဲ့ အစိုးရပဲ ဖြစ်နေနေ ဒါကို ရှောင်လွဲလို့ မရပါဘူး၊ ဒါက နိုင်ငံရေး ကတိကဝတ်ပါ၊ နိုင်တဲ့လူက အဲကတိကဝတ်ကို ဖော်ဆောင်ရမှာ ပိုတောင် တာဝန်ရှိပါတယ်”ဟု စိုင်းညွန့်လွင်က ဆိုသည်။

    သို့ရာတွင် ရွေးကောက်ပွဲမတိုင်ခင်မဲဆွယ်စည်းစဉ်ကာလအတွင်း ဒေါက်တာဇော်မြင့်မောင်က “NLD ဟာ တိုင်းရင်းသားပါတီဖြစ်တယ် တိုင်းရင်းသားတွေကို ခေါင်းဆောင်ပြီးတော့ ပြည်နယ်တွေမှာဝင်ပြိုင်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ အရေးကို NLD ကပဲ ပိုလုပ်ပေးနိုင်တယ်၊ တိုင်းရင်းသားပါတီတွေ နိုင်သွားရင်လည်း တစ်တိုင်းတစ်ပြည်လုံးကို ခြုံပြီးတော့ အစိုးရ မဖွဲ့နိုင်ဘူး၊ NLD လက်အောက်ခံကနေပြီးတော့ ကိုယ့်တိုင်းရင်းသားတွေရဲ့အခွင့်အရေး ရအောင်ယူလို့ရတယ်”ဟု ဆိုခဲ့သည်။

    ထို့ကြောင့် လာမည့်အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ပုံစံတွင် အာဏာရ NLD ပါတီဦးဆောင်၍ တပ်မတော်နှင့် တိုင်းရင်းသားပါတီတို့ ပါဝင်လာမည့် အခင်းအကျင်းသစ်တွင် ၂၀၂၀ အလွန်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမွန်လာမည်ဟု ယူဆစရာရှိသော်လည်း ဟန်ပြသဘောမျိုးနှင့် အသုံးချခံမဖြစ်စေရန် တိုင်းရင်းသားပါတီများက သတိကြီးစွာထားပြီး ကြိုဆိုစောင့်ကြည့်နေကြသည်ဟုသာ ရှုမြင်မိပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts