spot_img
Friday, May 3, 2024
More
    spot_img
    Homeဆောင်းပါးထိုင်းမြန်မာနယ်စပ်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားဥပဒေစိုးမိုးရေး

    ထိုင်းမြန်မာနယ်စပ်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားဥပဒေစိုးမိုးရေး

    -

    ဗညားအောင်(၂၀၂၀- အောက်တိုဘာ ၂၉)

    မွန်နှင့် ကရင်ပြည်နယ်အတွင်း ခရီးသွားလာလှုပ်ရှားနေကြသည့် မော်တော်ယာဉ်အားလုံး၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) က တရားဝင်လိုင်စင်ထုတ်ပေး ထားခြင်းမရှိသည့် လိုင်စင်မဲ့ Without မော်တော်ယာဉ်များဖြစ်နေသည်ကို နယ်ပယ်အသီးသီးက သတင်းရင်းမြစ်များထံမှ ကောက်ချက်ချနိုင်ခဲ့သည်။

    ယခင်စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးသဘောတူညီမှုလက်ဆောင်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များကို အလျဉ်းသင့်သလို တရားဝင်လိုင်စင်ထုတ်ပေးခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ၁၀ စုနှစ် ၂ ခုကျော်မျှ အဖမ်းအဆီးအမျိုမျိုးကြားတွင် လိုင်းကြေးအမျိုးမျိုးပေးဆောင်၍ ဒေသခံ ရဟန်းရှင်လူ ပြည်သူတို့၏ လိုင်စင်မဲ့မော်တော်ယာဉ်များ ရပ်တည်လာခဲ့သည်မှာ ယနေ့ကာလတိုင်ဖြစ်ပါသည်။

    လွန်ခဲ့သည့် ၅ နှစ်ခန့်က ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပူပူနွေးနွေးရွေးချယ်ခံထားရသူ ဒေါ်နန်းခင်ထွေးမြင့် ဝန်ကြီးချုပ်မဖြစ်ခင်က မီဒီယာတစ်ခုကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

    “အန်တီ ရှင်းရှင်း ပြောရမယ်ဆိုရင် အန်တီတို့ဆီမှာ လှည်းတွေတောင် သိပ်မရှိတော့ဘူး။ ကားတွေနဲ့ချည်းပဲ သုံးတာ ကောက်ရိုး သယ်တာကအစ၊ ပျိုးပင်ပေါက်တွေ သယ်တာကအစ၊ ကားတွေနဲ့ပဲ သယ်ကြတယ်။ ငွေ ၁၀ သိန်း ၁၅ သိန်းဆိုတာက လွယ်နေတယ်။ နယ်ကနေ ဘားအံကို လာတဲ့အခါ ကားနဲ့လာရတာ ပိုအဆင်ပြေတယ်။ အခုလိုဗြုန်းစားကြီး မော်တော်ကားတွေကို သိမ်းလိုက်တယ် ဆိုတော့ သူတို့အတွက် တော်တော်လေးကို လုံး၀ အဆင်မပြေကြဘူး” ဟု ဆိုခဲ့သည်။

    ယခင် သမ္မတဦးသိန်းစိန်လက်ထက်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖွင့်လိုက် ပိတ်လိုက် အရေအတွက်များလာလျှင် ဖမ်းဆီးလိုက် လေလံပစ်လိုက် စသည်ဖြင့် အစိုးရနှင့် ဒေသခံပြည်သူအကြား လိုက်တမ်းပြေးတမ်းကစားရင်း လိုင်စင်မဲ့ယာဉ်ကိစ္စက သံသရာလည်နေခဲ့ကြသည်။ 

    လိုင်စင်မဲ့ယာဉ်တစ်စီးသည် တရားဝင်လိုင်စင်ရ သွားပါက မူလတန်ဖိုး၏ ၁၀ ဆခန့် ပေါက်ဈေးရှိနေသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံများက အိမ်နီးချင်း ထိုင်းနယ်စပ်မှဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်သော မော်တော်ယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်မှာထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပါ။

    ယင်းသို့ လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းအသုံးပြုနေခြင်းက တည်ဆဲဥပဒေအရ တရားမဝင်သော်လည်း တရားဥပဒေစိုးမိုးရေးကို ကြီးမားစွာစိန်ခေါ်လောက်သည့် ပြစ်မှုများဖြစ်ပေါ်ခဲ့ခြင်းမရှိသေးသဖြင့် လိုင်စင်မဲ့ဖြစ်ခြင်းအပေါ် လက်ညှိုးထိုးအပြစ်ပုံချစရာ ဖြစ်စဉ်အကြောင်းအရာမရှိသေးဟု ကရင်ပြည်နယ် မြဝတီမြို့မှ ရဲအရာရှိတစ်ဦးက ယူဆပြောဆိုသည်။

    “Without ကားဆိုရင် မွန်နဲ့ ကရင်ပြည်နယ်အတွက်က သာမာန် ထမင်းစားရေသောက်ကိစ္စပဲ၊ ဒီလို Without ကားတွေကို အသုံးပြုပြီးတော့ လုတာယက်တာမျိုး တရားဥပဒေကိုစိန်ခေါ်တဲ့ ကိစ္စရပ်မျိုးတွေ မရှိခဲ့ပါဘူး၊ Without ကားဖြစ်တာတစ်ခုပဲရှိပါတယ်၊ Without ကားတွေနဲ့ သွားလာခွင့်မရှိရင်တော့ သူတို့အလုပ်အကိုင်တွေ အားလုံးနီးပါး ရပ်တန့်သွားနိုင်တယ်” ဟု ၎င်းက သုံးသပ်ပြသည်။

     သို့သော်လည်း “တရားဥပဒေ စိုးမိုးရေးကိုစိန်ခေါ်တဲ့ကိစ္စရပ်မျိုးတွေ မရှိခဲ့ပါဘူး”  ဟူသည့် ယူဆပြောဆိုမှုသည် အချိန်တိုင်း နေရာတိုင်းတွင် မှန်ကန်နေသည်တော့မဟုတ်ပါ။

    လက်နက်ချအလင်းဝင်ကဒ်ပြားကိုင်ဆောင်ထားသူ မောင်းနှင်လာသည့် လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီးသည် မုဒုံမြို့မှ မော်လမြိုင်မြို့သို့အဝင် ယာဉ်ထိန်းရဲ၏ စစ်ဆေးမှုကိုမခံယူဘဲ ထွက်ပြေးတိမ်းရှောင်ရင်း ဆိုင်ကယ်ဖြင့်လိုက်လံဖမ်းဆီးသော ယာဉ်ထိန်းရဲကို ကားဖြင့်တိုက်ကာ   သေနတ်ဖြင့်ပစ်ခတ်သည့် အက်ရှင်ရုပ်ရှင်ဇာတ်ကားဆန်ဆန်ဖြစ်ရပ်တစ်ခု ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

    အဆိုပါ သေနတ်ဖြင့်ပစ်ခတ်သည့်အလင်းဝင်ထားသူကို မော်လမြိုင်လေဆိပ်အနီး မြိုင်သာယာရပ်ကွက်တွင် ဖမ်းဆီးရမိပြီး ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှု ၊ လူကိုသေစေလိုသည့်ဆန္ဒဖြင့် ကားဖြင့်တိုက်မှု၊ လက်နက်ဖြင့်ပစ်ခတ်အပါအဝင် ပုဒ်မ ၄ ခုဖြင့်အရေးယူခဲ့သည်က မွန်ပြည်နယ်အတွက် အထင်အရှားဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါသည်။

    အငြိမ်းစား မွန်ပြည်နယ်ဥပဒေချုပ် နိုင်ဝင်းကြည်က “အဂတိနဲ့ဆိုင်နေတယ်၊ ဥပမာ သိမ်းထားတဲ့ Without ကားကို ရဲကအသုံးပြုစဉ်မှာ ယာဉ်တိုက်မှုဖြစ်တယ်၊ အလားတူဘဲ တရားရုံးက သိမ်းဆည်းထားတဲ့ ကားတွေ မော်လမြိုင်မြို့နယ်တရားရုံးရှေ့မှာ ဒီအတိုင်းထားတာမလုံခြုံတော့ သက်သေခံကားထဲက ပစ္စည်းတွေ ပျောက်ဆုံးရတယ်၊ အလားတူ လုပ်ပိုင်ခွင့်ရှိသူကဘဲ Without ကားစီးနေတော့ အရေးယူတာမရှိဘူး၊ ဒါကိုသိတဲ့သူတွေကလည်း လိုက်လုပ်ကြရော၊ ဘုန်းကြီးတွေလည်း Without ကားကို သူတို့ သိတဲ့ လူကြီးကားနံပါတ်နဲ့ပုံတူပွား စီးကြတာရှိတယ်၊ ဌာနဆိုင်ရာနဲ့ ရဲတွေက သူတို့လုပ်ပိုင်ခွင့်ရှိသူ အချင်းချင်း သင်္ကေတနဲ့ ဆက်သွယ်အချက်ပြတော့ အဲဒီကားမစစ်တော့ဘူး အဖွဲ့စုံနဲ့စစ်မှဘဲ ညှိမရလို့ Without တွေ ပေါ် လာတာမျိုး ဖြစ်စဉ်ရှိခဲ့ပါတယ်” ဟု ဆိုသည်။

    ဥပဒေကိုလိုက်နာရသူ ပြည်သူများအနေဖြင့် ဥပဒေကိုဖောက်ဖျက်ကျူးလွန်ခဲ့သော် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်အရေးယူခြင်းဖြင့် တားဆီးနိုင်သော်လည်း လုပ်ပိုင်ခွင့်ရှိသူ တာဝန်ရှိသူတွေက ဥပဒေ၏ပင်ကိုယ်ဥပဓိရုပ်ကို ပျက်ယွင်းအောင်လုပ်ဆောင်လာသောအခါ အရေးယူတားဆီးနိုင်ဖို့က ခက်ခဲနေတတ်သည်ဟု ၎င်းက ပြောသည်။

    မကြာသေးမီကဖြစ်ရပ်တစ်ခုမှာ မုဒုံမြို့နယ်၊ ကမာဝက်မြို့အနီးတွင် အောက်တိုဘာလ (၈) ရက်နေ့ ညနေပိုင်းက ရွာသားတစ်ဦးစီးလာသည့်ဆိုင်ကယ်ကို ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး မောင်းနှင်လာသည့် လိုင်စင်မဲ့ကားက  တိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းကို ရဲစခန်းက အမှုဖွင့်လှစ်ပေးခြင်းမရှိသည့်ဖြစ်ရပ်ပါ။

    “အဲဒါက မဖွင့်ရဘူး၊ ကိုယ့်ဆီက တပ်ဖွဲ့ဝင်ဖြစ်နေလို့၊ သူတို့ (ထိခိုက်နစ်နာသူ) ကိုတော့ အကျိုးကြောင်းတော့ ပြောပြထားတယ်၊ ဖြစ်တာက လမ်းကြောင်းလိုက်ရင်းနဲ့ဖြစ်သွားတဲ့ Accident တစ်ခု ဖြစ်သွားတော့လည်း ကာယကံရှင်ကို ငါတို့ဘက်ကလည်း တတ်နိုင်သလောက်လိုက်ကူညီပေးမယ်ဆိုပြီး ငါကိုယ်တိုင်ဆေးရုံကို လူမမာသတင်း လိုက်မေးခဲ့ပြီး ဆေးဖိုးဝါးခ ညှိခဲ့တာတွေရှိတယ်၊ အဲ့လိုညှိတဲ့ခါမှာ သူတို့တောင်းဆိုတာတွေက နည်းနည်းများနေတယ်၊ အဲ့ဒါကိုလည်းညှိနေတဲ့အချိန်မှာ သူတို့က လိုင်းပေါ်တင်ထားတယ်” ဟု  ကမာဝက်နယ်မြေရဲစခန်းမှူး၏ ပြောကြားချက်ကို ရာမညသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

    ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကျန်းမာရေးစခန်းတွေကို သွားရောက်လှူဒါန်းမည်ဆိုသည့်  စာတန်းချိတ်ဆွဲထားသောလိုင်စင်မဲ့ယာဉ်(၇)စီးနှင့် ယာဉ်မောင်း(၂)ယောက်ကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ(၁၁)ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးမိခဲ့သည်။

    အဆိုပါဖြစ်ရပ်တွင် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ယာဉ်မောင်း(၇)ဦးအနက် (၂)ဦးကိုသာ ဖမ်းဆီးမိခဲ့ပြီး အခြားယာဉ်မောင်း(၅)ဦး မည်ကဲ့သို့ လွတ်မြောက်သွားခဲ့သည်ကိုမသိရဘဲ မော်တော်ယာဉ်များကသာ ပိုင်ရှင်မဲ့ဖြစ်သွားရသည်။  ပိုင်ရှင်မဲ့ဖြစ်သွားသော မော်တော်ယာဉ်(၅)စီးမှာ Crown အဖြူရောင်၊ Crown အနက်ရောင် Mark X အဖြူရောင်၊ Honda fit အနက်ရောင်နှင့် Town Ace အဖြူရောင်တို့ ဖြစ်သည်။

    မွန်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂီတိုးက “ ကျမတို့ ကညနအနေနဲ့ မရမ်းချောင်မှာလည်း အဖွဲ့စုံနဲ့အတူ တာဝန်ယူရပါတယ်၊ သံသယဖြစ်လာတဲ့ မော်တော်ယာဉ်တွေကို အမှန်တကယ် တရားဝင်လိုင်စင်အစစ်အမှန်ဟုတ်မဟုတ် အတည်ပြုပေးရတာပါ။ ဥပဒေပြဌာန်းချက်ကိုပြောရမယ်ဆိုရင် Without ကားတွေကို လမ်းမပေါ်မှာ တက်စီးတာမျိုး ၂၀၂၀ ယာဉ်အန္တရယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၉၅ အရ ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ငွေဒဏ်ကတော့ တရားသူကြီးရဲ့စီရင်ပိုင်ခွင့်အတိုင်းပါပဲ ဒဏ်နှစ်ရပ်လုံးချမှတ်မယ်၊ ထောင်ဒဏ် ၃ နှစ်ဆိုတာနည်းတယ် အဲတော့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့လည်း Without ယာဉ်စီးတဲ့လူ ပိုင်တဲ့လူတွေကို အရေးယူတယ်၊ အရေးယူတာက တရားသူကြီးတွေ စွဲတင်တာက ရဲတွေရဲ့အပိုင်းပါ” ဟု ဆိုသည်။

    မွန်ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် Without မော်တော်ဆိုင်ကယ်များကို ကာလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း သတ်မှတ်ဒဏ်ကြေးငွေဆောင်စေ၍ ပြီးခဲ့သည့်စက်တင်ဘာလအထိ မွန်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ဆက်ရေး ညွှန်ကြားမှုဦးစီးဌာန-ကညနမှ ဆိုင်ကယ်အစီးပေါင်း နှစ်သောင်းကျော် (၂၀၀၁၁ စီးတိတိ) ကို ပြည်နယ်အတွင်း တရားဝင်သွားလာနိုင်စေဖို့ မွန်လိုင်စင်ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။

    ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသမှ စီးပွားရေးလုပ်ငန်းရှင် နိုင်စိုးမွန်က “ထိုင်းကလာတဲ့ မော်တော်ဆိုင်ကယ်တွေကို အစိုးရလိုင်စင်လုပ်ပေးသလိုမျိုး Without ကားတွေကိုလည်း အခုလို လုပ်ပေးသင့်ပါတယ်၊ အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ကားဈေးနှုန်းတွေနဲ့ ချိန်ဆပြီး ပြည်သူတွေ မော်တော်ကားစီးနိုင်လောက်တဲ့ အခွန်တွေလျှော့ပေါ့ကောက်ပြီး လိုင်စင်တွေထုတ်ပေးရင်တော့ လက်ရှိလိုင်စင်မဲ့မော်တော်ယာဉ်တွေဟာ တရားဝင်ဖြစ်သွားပါလိမ့်မယ် ပြည်နယ်လိုင်စင်ပဲဖြစ်ဖြစ်ပေါ့ တရားဝင်ဖြစ်သွားရအောင် လိုင်စင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရင် ဥပဒေအရဘောင်ဝင်သွားမှာပါ” ဟု ဆိုသည်။

    ယခုလို ကိုဗစ်ကာလအတွင်း နယ်စပ်တလျှောက်တွင် ထိုင်းဘက်မှလုံခြုံရေး အထူးတင်းကြပ်ထားသဖြင့် မဲဆောက်-မြဝတီနှင့် စံခလပူရီ-ဘုရားသုံးဆူနှစ်နိုင်ငံနယ်စပ်လမ်းကြောင်းတွင် အကန့်အသတ်များစွာရှိလာပြီး တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်ဝင်ရောက်လာမှုလည်း နည်းပါးလာသည်ဟု နယ်စပ်ရှိ မြန်မာကုန်သည်များက ညည်တွား ပြောဆိုနေကြသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်မဖြစ်မီ ဒေါ်နန်းခင်ထွေးမြင့်က မီဒီယာတစ်ခုကို လိုင်စင်မဲ့မော်တော်ယာဉ်ကိစ္စနှင့်စပ်လျဉ်းကာ အောက်ပါအတိုင်းပြောကြားခဲ့ပါသေးသည်။

    “အန်တီတို့ အစိုးရ လက်ထက်ကျရင် ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီး  ပြည်သူတွေ စိတ်ချလက်ချ မော်တော်ကား တရားဝင် သုံးပိုင်ခွင့်ရအောင် ပြည်နယ် ဥပဒေ ပြဌာန်းပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူတွေမှာ ခိုင်ခိုင်မာမာ မော်တော်ကား သုံးစွဲနိုင်ပြီပေါ့။ နောက် ပြည်နယ်ဥပဒေမှာ မော်တော်ကားတွေကို ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ်အထိ သက်တမ်းဘယ်လောက် ရှိတယ် ဆိုတာမျိုး လုပ်သွားမယ်ဆိုရင် အန်တီတို့ ပြည်နယ် ရံပုံငွေတွေ အများကြီး ဝင်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

    သို့ရာတွင် ဒေါ်နန်းခင်ထွေးမြင့်အနေဖြင့် ကရင်ပြည်နယ်၏ အမြင့်ဆုံးအာဏာပိုင် ဝန်ကြီးချုပ်တစ်ဦးဖြစ်နေသည့် ၅ နှစ်ကြာသက်တမ်းတွင် ၎င်းပြောကြားခဲ့သည့်အတိုင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား တရားဝင်ဖြစ်လာအောင် ယနေ့ထက်တိုင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

    NLD အစိုးရလက်ထက်တွင် လိုင်စင်မဲ့ယာဉ်များနှင့်ပတ်သက်၍ ထူးခြား ဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် မတ်လတွင် မြဝတီမြို့ရှိ နယ်ခြားစောင့် တပ်ဖွဲ့(BGF) အမှတ် ၂၃ ဂိတ်ကင်းစခန်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး လိုင်စင်မဲ့ယာဉ်စီးရေ တစ်ရာကျော် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင်  ယင်းနောက်ပိုင်း၌မည်ကဲ့သို့ ဆက်လက်အရေးယူဆောင်ရွက်သည်ကို မကြားသိရတော့ပေ။

    တဆက်တည်းမှာပင် ၂၀၁၈ ခုနှစ် ဧပြီလတွင် အရပ်သား ၇ ဦးနှင့် တပ်မတော်သား အရာရှိ ၄ ဦးတို့ က ကရင်ပြည်နယ် မြဝတီမြို့ဘက်မှ မွန်ပြည်နယ်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၁၁ စီးကို ကျိုက်မရောမြို့နယ် အတ္ထရံတံတား (ချောင်းနှစ်ခွ) ပေါ်၌ မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည့် ဖြစ်စဉ်များ ထပ်မံဖြစ်ပွားခဲ့သည်။

    မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယဉ်များကို ၂၀၂၀ ခုနှစ်တွင် ၂၀၁ စီး၊ ၂၀၁၉ ခုနှစ်တွင် ၂၈၅ စီး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုထားသည်။

    သို့ဖြစ်ရာ မွန်ပြည်နယ်အတွင်း  လက်ရှိ NLD အစိုးရလက်ထက်၌ ဖမ်းဆီးရမိထားသည့် တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်အစီးပေါင်း ၅၀၀ ထက်မနည်းရှိနိုင်သည်ဟု ခန့်မှန်းနိုင်သော်လည်း ယင်းတို့ကို မည်သည့်နေရာတွင် မည်ကဲ့သို့ထားရှိသည်ကို မသိရပေ။ 

    မွန်ပြည်နယ်တွင် ယခင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက်၌ လိုင်စင်မဲ့ မော်တော်ယာဉ်အစီးရေ ၅ဝဝ ကျော်ကို လေလံတင်၍ (၃) ကြိမ်ရောင်းချခဲ့သော်လည်း NLD အစိုးရသက်တမ်းတွင် ဖမ်းဆီးရမိထားသည့် မော်တော်ယာဉ်များကို မည်ကဲ့သို့စီရင်ဆောင်ရွက်သွားမည်ကို မသိရှိရသေးပဲ ယင်းကိစ္စနှင့်စပ်လျဉ်း၍ စောင့်ကြည့်နေသူများလည်း  ရှိနေကြပါသည်။

    ပြီးခဲ့သည့်ကာလများတွင် အစိုးရအပြောင်းအလဲမည်သို့ပင်ရှိစေကာမူ ထိုင်းမြန်မာနယ်စပ်မှလာသော ကရင်နှင့်မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များက ဥပဒေပြင်ပတွင် သံသရာလည်ပတ် နေဆဲဖြစ်ပါသည်။  

    သုံးသပ်အကြံပြုချက်

    ပြည်သူများ ငွေကြေးအကုန်အကျသက်သာစွာဖြင့် လိုင်စင်မဲ့ကားများကို ဝယ်ယူအသုံးပြုနိုင်သည့်အတွက် ဒေသအတွင်း ခရီးသွားလာမှုအဆင်ပြေလာခြင်း၊ စီးပွားရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အထောက်အကူပြုခြင်းကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာသကဲ့သို့ ခံစားရနိုင်သည်။

    သို့ရာတွင် လိုင်စင်မဲ့ကားအသုံးပြုနေခြင်းကြောင့် အစိုးရဝန်ထမ်းများနှင့်အတူ ပြည်သူများပါ ခံစားနေရသည့် အောက်ပါဆိုးကျိုးများကိုလည်း အကျဥ်းချုပ်၍ တင်ပြလိုပါသည်။

    (က) လိုင်စင်မဲ့ နံပါတ်အတုဖြစ်သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပေါ်လာသည့်အခါ အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း။ 

    (ခ) လိုင်စင်မဲ့ နံပါတ်အတုမော်တော်ယာဉ်အသုံးပြု၍ ရာဇဝတ်မှုကျူးလွန်သူကို ရှာဖွေဖော်ထုတ်နိုင်ရန်ခက်ခဲခြင်း။

    (ဂ) ယာဉ်တိုက်မှု ပိုမိုများပြားလာခြင်း၊ လမ်းတံတားများပျက်စီးခြင်းနှင့် ယာဉ်ကြောများ ပိုမိုရှုပ်ထွေးလာခြင်း။

    (ဃ) အဂတိလိုက်စားမှု များပြားလာခြင်း၊ နိုင်ငံတော်မှ ရသင့်သည့်အခွန်ငွေများနစ်နာဆုံးရှုံးခြင်း။

    (င) ရာဇဝတ်မှု ထူပြောလာခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို မထီမဲ့မြင်ပြုခြင်း။

    သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်းဖြင့် လိုင်စင်မဲ့ယာဉ်များ ယနေ့အထိပျောက်ကွယ်မသွားနိုင်ပဲ များသထက်များလာနေသည်ကို ပကတိအရှိတရားက သက်သေပြနေသည်။ နယ်စပ်ပထဝီအနေအထား၊ တိုင်းရင်းသားလက်နက်ကိုင်များအခြေအနေ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများအပေါ် တည်မှီနေ၍ လိုင်စင်မဲ့ကားများကို လက်တွေ့အားဖြင့် ဖမ်းဆီးအရေးယူနိုင်ရန် ခက်ခဲလှပါသည်။

    ထို့ကြောင့် တခုတည်သောဖြေရှင်းနည်းကား အစိုးရအနေဖြင့် ခေတ်ကာလနှင့်မကိုက်ညီသော ဥပဒေ၊ နည်းဥပဒေများကိုပြင်ဆင်၍ သင့်တင့်သောအကောက်ခွန်နှုန်းထားဖြင့် ပြည်နယ်အတွင်း ပြေးဆွဲခွင့်ရှိသော တရားဝင်လိုင်စင်ပြုလုပ် ဖြေလျှော့ပေးခြင်းဖြင့်သာ လိုင်စင်မဲ့ကားများ ပပျောက်လာနိုင်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆမိပါကြောင်း။  

    ကျေးဇူးတင်ပါသည်။

    Photo- မော်လမြိုင်မြို့တွင် ၂၀၁၆ ခုနှစ်က လေလံတင်လိုင်စင်မဲ့ယာဉ်များ (MNA)


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts