spot_img
Tuesday, February 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးထိန်းချုပ်နယ်မြေအတွင်းရှိ ရွာသားများအား ရွေးကောက်ပွဲအမီ မှတ်ပုံတင်ကတ်ပြားပြုလုပ်ပေးရန် မွန်ပြည်သစ်ပါတီလိုလား

    ထိန်းချုပ်နယ်မြေအတွင်းရှိ ရွာသားများအား ရွေးကောက်ပွဲအမီ မှတ်ပုံတင်ကတ်ပြားပြုလုပ်ပေးရန် မွန်ပြည်သစ်ပါတီလိုလား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ အောက်တိုဘာလ ၂)

    မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ အတွင်း အရပ်သားများနေထိုင်လျှက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိသူ ရွာသားများကို မွန်ပြည်နယ် အစိုးရအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအမီ ကူညီပြုလုပ်ပေးရန် လိုလားသည်ဟု မွန်ပြည်သစ်ပါတီ  ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

    မွန်အရပ်ဘက်အဖွဲ့အစည်းများက လွန်ခဲ့သည့် မတ်လ ကတည်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မရှိသူ လူဦးရေ ၂ ထောင်ဝန်းကျင်ခန့်ကို စာရင်းကောက်ခံရရှိထားပြီး မွန်ပြည်သစ်ပါတီက မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု ၎င်းကဆိုသည်။

    “မရှင်းတာက ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့  ကရင်ရွာတွေလည်း ရှိတာပေါ့နော် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးက မြို့နယ် လ.ဝ.က နဲ့ ညှိနှိုင်းပူးပေါင်းပြီးတော့ မှတ်ပုံတင် လုပ်ထားပြီးပြီး ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကျတော့ ဘာလို့ NRPC အထိကို တင်ရတာလဲပေါ့  မွန်ပြည်နယ် အတွင်းကပြည်သူတွေပဲ ဆိုတော့ ဝန်ကြီးချုပ်က ကူညီလုပ်ပေးရင် လုပ်လို့ရမယ်လို့ ထင်တယ်” ဟု နိုင်ဗညားလယ်က ဆိုသည်။

    အဆိုပါ မှတ်ပုံတင်မရှိသူများစာရင်းကို မွန်ပြည်နယ် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC) တင်ထံပြထားသလို NRPC ကလည်း မွန်ပြည်သစ်ပါတီထံ စာရင်းပြန်လည်တောင်းခံထားသည်ဟု နိုင်ဗညားလယ်က ဆိုသည်။

    လတ်တလော မွန်ပြည်နယ်တွင် လူဦးရေ ၅ သောင်းကျော် မှတ်ပုံတင်မရှိသူဖြစ်နေပြီး Covid 19 ကြောင့် ရွေးကောက်ပွဲအမီ မှတ်ပုံတင် ပြုလုပ်ရန် အချိန်မမီတော့ကြောင်း၊ ရွေးကောက်ပွဲ မဲထည့်နိုင်ရန်အတွက် ထောက်ခံစာ ပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (မွန်ပြည်နယ်) ထံ တရားဝင် စာပို့ထားသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။

    “မှတ်ပုံတင်ကဒ် လုပ်ပေးဖို့ မမှီတော့ဘူးဆိုတော့ Covid နဲ့ဘာညာနဲ့ဆိုတော့ ထောက်ခံစာပဲ ပေးဖို့ ကော်မရှင်ကို တရားဝင် စာပို့ထားတယ် တစ်ဦးချင်းနာမည်နဲ့ ပို့ထားတယ် သူတို့ အဆက်အသွယ်လုပ်မှာပေါ့  ခုလည်း လုပ်တော့ လုပ်ပေးနေတယ် ဒါပေမဲ့ ၅ သောင်းက မမှီနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

    အလားတူ ရေးမြို့နယ်တဝိုက်ရှိ မှတ်ပုံတင်မရှိသူ ရွှေ့ပြောင်းလုပ်သားများကိုလည်း ထောက်ခံစာဖြင့် မဲထည့်နိုင်ရန် NLD နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက စာရင်းကောက်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကျေးရွာ ၄၀ ခန့်၊ အိမ်ခြေ ၅၀၀၀ ကျော်နှင့် လူဦးရေ ၂ သောင်းကျော်ရှိနေပြီး မွန်ပြည်နယ်လဝကစာရင်းအရ မှတ်ပုံတင် မရှိသူ လူဦးရေ ၅ သောင်းတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ ပြည်သူများ ပါဝင်ရှိ /မရှိကို ပြောဆိုခြင်း မရှိပေ။

    လက်ရှိတွင် Covid 19 ရောဂါကူးစက်မှုမရှိစေရေးအတွက် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေသထုံခရိုင်တွင် လွတ်လပ်စွာမဲဆွယ်ခွင့်ပြုထားသော်လည်း  ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မော်လမြိုင်ခရိုင်ထိန်းချုပ်နယ်မြေတွင် လူ ၃၀ ထက်မပိုသော ဒေသခံနိုင်ငံရေးပါတီဝင်များကိုသာ မဲဆွယ်ခွင့်ပြုထားပြီး ဗဟိုဌာနချုပ်နှင့် နီးစပ်သည့် နေရာများတွင် မဲဆွယ်ခွင့်မပြုကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

    သို့ရာတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း မဲရုံဖွင့်လှစ်ခွင့်မပြုသော်လည်း ဒေသခံပြည်သူများအား သတ်မှတ်မဲရုံသို့ သွားရောက်ပြီး လွတ်လပ်စွာ မဲပေးခွင့်ပြုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks