မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၃၀)
လက်ရှိ ကိုဗစ်ရောဂါပိုးကူးစက်မှုအရှိန် မြင့်မားနေသည့်ကာလ၌ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နယ်မြေအတွင်း လူစိမ်းများဝင်ရောက်ခွင့်မပြုသဖြင့် မွန်ညီညွတ်ရေးပါတီ MUP ကရင်ပြည်နယ်လွှတ်တော် မွန်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်လောင်း ကိုယ်တိုင်လာရောက် မဲဆွယ်မရဖြစ်နေကြောင်း မွန်သတင်းအေဂျင်စီသို့ပြောသည်။
“ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်ပါတီနယ်မြေမှာ အပြင်လူစိမ်းတွေ လာခွင့်မရှိဘူး ကန့်သတ်ထားတယ်၊ အဲဒီနေရာတွေကို မဲဆွယ်စည်းရုံးဖို့ ကျနော်လည်း သွားဖြစ်တော့မှာ မဟုတ်ပါဘူး၊ ကျနော့်ကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးသည့်တိုင်အောင် မသွားဖို့ဆုံးဖြတ်ထားတယ် ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက်ကြောင့် ဒေသခံတွေငြိုငြင်မှုမရှိစေရအောင် ကိုယ်ကရောဂါပိုးမရှိပေမယ့် သံသယအဖြစ်မခံချင်လို့ပါ” ဟု MUP ကရင်ပြည်နယ်လွှတ်တော် မွန်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်လောင်း နိုင်ထွန်းလွင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ထောက်ခံချက်အမျိုးမျိုးဖြင့် တစ်နေရာမှတစ်နေရာ ခရီးသွားလာနေရသည့်အတွက် မွန်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် ပြည်နယ်တစ်ခုလုံးရှိ မွန်ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်မဲဆွယ်နိုင်မည့်အနေအထားမရှိနိုင်သည်ကို မွန်တိုင်းရင်းသားများ နားလည်ခွင့်လွှတ်စေလိုကြောင်း နိုင်ထွန်းလွင်က ဆက်ပြောသည်။
“ကြားအင်းဆိပ်ကြီးမြို့နယ်က ကျနော်တို့မွန်ပြည်သစ်နယ်မြေမှာဆိုရင် နိုင်ငံရေးပါတီတိုင်းကို ကျနော်တို့ သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း မဲဆွယ်စည်းရုံးခွင့်ပြုထားပါတယ် ဥပမာ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေဆိုရင် ကြာအင်းဆိပ်ကြီးမြို့နယ်အဆင့် ဒီဒေသခံပါတီအဖွဲ့ဝင်တွေကိုပဲ လူထုနဲ့တွေ့ဆုံစည်းရုံးဖို့ ခွင့်ပြုပေးထားပါတယ် အပြင်လူတွေ လာရောက်စည်းရုံးခွင့်မပြုပါဘူး ” ဟု မွန်ပြည်သစ်ပါတီ Covid-19 ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ဥက္ကဌ နိုင်ဗညားလယ်က ပြောသည်။
ယခုအခါ နိုင်ငံနှင့်အဝန်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာသဖြင့် အခြားမြို့နယ်မှ လာရောက်သော နိုင်ငံရေးပါတီအဖွဲ့ဝင်များအား ခွင့်မပြုကြောင်း၊ မည်သည့်ပါတီမှဖြစ်စေ ဒေသခံပါတီဝင်အယောက် ၃၀ ထက်မပိုဘဲ တစ်ဦးနှင့်တစ်ဦး ၆ ပေစီခြား၍ စုဝေးစည်းရုံးခွင့်ပြုထားကြောင်း နိုင်ဗညားလယ်က ဆိုသည်။
သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်၊ ကယားနှင့် ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌတို့၏ စက်တင်ဘာ ၂၉ ရက်နေ့ အွန်းလိုင်းစကားဝိုင်း၌ မွန်ပြည်သစ်ပါတီနယ်မြေတွင် မွန်နှင့်ပတ်သက်သည့် ပါတီများကိုသာ ဝင်ရောက်ခွင့်ပြုကြောင်း NLD ပါတီ ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က စွပ်စွဲပြောဆိုခဲ့သည်။
ဦးသန်းနိုင်က “ ကြာအင်းဆိပ်ကြီးလိုနေရာမျိုးမှာ ဆိုရင်တော့ ဘယ်လိုဖြစ်လဲဆိုတော့ မွန်ပြည်သစ်ဆိုရင် ကျနော်တို့ပါတီကို အဝင်မခံပါဘူး။ ကျနော်တို့ ပါတီတင်မဟုတ်ပါဘူး။ ဘယ်ပါတီမဆိုပေါ့နော်၊ မွန်နဲ့ပတ်သက်တဲ့ ပါတီတွေ လောက်ပဲ ဝင်လို့ရပါတယ်။ ဒါမျိုးလေးတွေက နည်းနည်းလေး မျှတမှု မဖြစ်တဲ့ကိစ္စလေးတွေပါ” ဟု ပြောဆိုခဲ့သည်။
လတ်တလော ပြည်တွင်း၌ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုမြန်ဆန်လာသဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်သည့်လုပ်ငန်းကိစ္စမှအပ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် CBO, CSO, NGO, INGO များ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) က ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စည်းကမ်းသတ်မှတ်ချက်၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။