Friday, April 17, 2026
More
    spot_img
    HomeCovid 19Covid-19 ရောဂါကူးစက်မှုမြန်ဆန်လာသဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအချို့တွင် နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရေး ပြန်လည်ကန့်သတ်ထား

    Covid-19 ရောဂါကူးစက်မှုမြန်ဆန်လာသဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအချို့တွင် နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရေး ပြန်လည်ကန့်သတ်ထား

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၄)

    ယခုအခါ Covid-19 ရောဂါကူးစက်မှုနှုန်းမြန်ဆန်လာသဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ယခင်ခွင့်ပြုပေးခဲ့သော မဲဆွယ်စည်းရုံးရေးနယ်မြေများကို အသစ်ပြန်လည်ကန့်သတ်လိုက်ပြီး ခွင့်ပြုသည့်နေရာအချို့တွင် လူ ၃၀ ဦးထက်မပိုသည့် ဒေသခံမြို့နယ်အဆင့်ပါတီဝင်များသာ စည်းရုံးလှုပ်ရှားခွင့်ရှိမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) က စည်းကမ်းချက်အသစ်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ 

    မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ဥက္ကဌ နိုင်ဗညားလယ်က “ သထုံခရိုင်(ကော့ကရိတ်မြို့နယ်) ဘက်မှာ လွတ်လပ်စွာစည်းရုံးခွင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့မော်လမြိုင်ခရိုင်ရုံးအခြေစိုက်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်(တောင်ပေါက်ဒေသ) မှာတော့ အဲဒီကဒေသခံဖြစ်တဲ့ မြို့နယ်အဆင့်ပါတီဝင်တွေနဲ့ပဲ မဲဆွယ်စည်းရုံးရေးလုပ်ကြပါ၊ စည်းရုံးရေးသွားတဲ့အခါမှာ လူ ၃၀ ထက်မပိုရသလို တစ်ဦးနဲ့တစ်ဦး ၆ ပေခွာထားဖို့ ဒီစည်းကမ်းချက်တွေကို လိုက်နာနိုင်ရင်တော့ ကျနော်တို့ စည်းရုံးဖို့ခွင့်ပြုမယ်”ဟု ဆိုသည်။

    သို့ရာတွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၊ ရေးမြို့အရှေ့ဖက် ကျုံလောင်းရွာမှ ရေးချောင်းဖျားဒေသအားလုံးနှင့် ရေဖြူမြို့နယ်ရှိ ထားဝယ်ခရိုင်ဒေသ (ရေး-ထားဝယ်မော်တော်ကားလမ်းအရှေ့ဖက်ခြမ်း) ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင် လတ်တလော Covid-19 ရောဂါအရှိန်မြင့်မားနေချိန်တွင် နိုင်ငံရေးပါတီများကို မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း ၎င်းကဆိုသည်။

    နိုင်ဗညားလယ်က “ အကယ်၍ ရောဂါကူးစက်မှုနှုန်းကျဆင်းလာမယ် အရှိန်သေသွားရင်တော့ ရေးချောင်းဖျား ဝယ်ဇင်ဒေသနဲ့ ဘုရားသုံးဆူ မော်တော်ကားဘေးက မွန်ရွာတွေကို စည်းရုံးခွင့်ပေးသွားမယ်၊ ဒါပေမယ့် ရေးချောင်းဖျား ဂနီအထက်ပိုင်း ဗဟိုဌာနချုပ်ဧရိယာ၊ ထားဝယ်ခရိုင်ရုံးဒေသ ၉ ရွာ၊ ဂျပန်ရေတွင်း ဗလဲ့ဒွန်းဖိုက် ဟလော့ဟနီရွာတွေမှာတော့ အခုရွေးကောက်ပွဲအတွက် သည်းခံပေးပါ ဘယ်နိုင်ငံရေးပါတီကိုမှ စည်းရုံးခွင့်မပြုတော့ပါဘူး၊ ကျနော်တို့ဆီကပြည်သူတွေ မဲရုံဆီသွားပြီး မဲသွားပေးတာကိုတော့ ခွင့်ပြုတယ်” ဟု ဆက်ပြောသည်။  

    အဆိုပါ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထိန်းချုပ်နယ်မြေတွင် ကျေးရွာပေါင်း ၃၅ ရွာ ၊ အိမ်ထောင်စု ၆၀၀၀ ကျော်၊  လူဦးရေသုံးသောင်း (၃၀,၀၀၀) နီးပါးခန့်ရှိပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းလာရောက်ကောက်ယူခဲ့ခြင်းမရှိသလို မဲရုံများဖွင့်လှစ်သွားရန် လျာထားခြင်းမရှိကြောင်း သိရသည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ယနေ့နံနက် ၈ နာရီသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း Covid-19 ပိုးတွေ့လူနာစုစုပေါင်း ၃၀၁၅ ဦး၊ ဆေးရုံမှဆင့်ခွင့်ရသူ ၆၉၉ ဦး ပိုးတွေ့သေဆုံးသူ ၂၄ ဦး ထပ်ထိုးလူနာ ၈၃ ဦးရှိပြီး ယခုရက်ပိုင်းအတွင်း တစ်နေ့လျှင် ပျမ်းမျှပိုးတွေ့လူနာသစ် ၂၀၀ ဦးအထက် တွေ့ရှိခဲ့ရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks