Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းNLD ပါတီမှနုတ်ထွက်၍ တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ဦးမောင်မောင် ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ချခံရ

NLD ပါတီမှနုတ်ထွက်၍ တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ဦးမောင်မောင် ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ချခံရ

-

ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၂၇)

Photo- Nဦးမောင်မောင် နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ ဓါတ်ပုံအတူရိုက်ခဲ့စဉ်
(Maung Maung)  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှနုတ်ထွက်၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရွေးကောက်ပွဲကော်မရှင်တွင် စာရင်းတင်သွင်းထားသည့် ဦးမောင်မောင်အား ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရကြောင်း သတင်းရရှိသည်။

၎င်းကိုမွေးဖွားစဉ်တွင် မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးသည့်အတွက် အမည်စာရင်း ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“မွန်ပြည်နယ် ခရိုင်ကော်မရှင်အဖွဲ့ခွဲက ကျိုက်မရောမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကတော့ ဘာနဲ့ ညှိစွန်းလည်း ဆိုတော့ မွေးဖွားစဉ်မှာ မိဘနှစ်ပါးက  နိုင်ငံသား မဖြစ်တဲ့ ကိစ္စ ဒါနဲ့ ညှိစွန်းတဲ့ အတွက်ကြောင့် သက်ဆိုင်တဲ့ ခရိုင်ကနေ မနေ့ကပဲ ခေါ်ယူရှင်းလင်းပြီးတော့ ပယ်ဖျက်ကြောင်းကို မနေ့ကပဲ ကျွန်တော်တို့ ပြည်ထောင်စုကို တင်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်ရာတွင် ကန့်ကွက်မှု မရှိခဲ့သော်လည်း ပြည်ထဲရေးဌာနက ပေးပို့သည့်စာအရ ကန့်ကွက်ခြင်းဖြစ်သည်ဟု သိရသည်။

အယူခံဝင်ရမည့်ရက်လွန်ပြီးမှ အမည်စာရင်းပယ်ဖျက်သည့် ကော်မရှင်၏လုပ်ရပ်သည် ဥပဒေကိုကျော်ပြီး ပြုလုပ်တာ ဖြစ်ကြောင်း ကိုယ်စားလောင်းအဖြစ် ပယ်ဖျက်ခံလိုက်ရသည့် ဦးမောင်မောင်က ဆိုသည်။

“ကျွန်တော်ကို အရင်က စုံခုံစစ်တယ် လဝက ဦးစီးလည်း ပါတယ် ၁၂ ရက်နေ့ကပေါနော် အဲ့မှာကတည်းက ကန့်ကွက်လိုက်ပါလားဗျာ အဲ့မှာကတည်းက မညီဘူး ပြောလိုက်ပါလားဗျာ လဝက ဦးစီးတစ်ယောက်လုံးပါနေတာ ခုက အရမ်းရက်တွေလည်းကြာပြီး ကျွန်တော်အယူခံဝင်ရမဲ့ ရက်တွေလည်း လွန်ခဲ့ပြီ ဒီအချိန်မှာကပ်ပြီး လုပ်တာက ဥပဒေဘောင်ကျော်တယ်  ” ဟု ၎င်းကဆိုသည်။

ကိုယ်စားလောင်းများ၏ နောက်ကြောင်းများကို ကော်မရှင်က လ.ဝ.က၊ စ သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့ SB တို့ထံမှ ရယူခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလောင်း မကြေငြာခင်ချိန်အထိ စိစစ်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ် ဖြစ်သွားခဲ့လျင်လည်း ဥပဒေနှင့် မညီပါက ဥပဒေအရ ပြန်လည်၍ပယ်ဖျက်နိုင်ကြောင်း ဦးဟိဏ်းလင်းထက်က ပြောသည်။

“သက်ဆိုင်ရာ လ.ဝ.က ၊ စ သုံးလုံး တို့ SB တို့ နောက်ကြောင်း ရာဇဝင်လိုက်တယ် ဥပဒေက ပြဌာန်းထားတဲ့ အချက်တွေကို သူတို့စီက ရယူတယ် ၊အချက်အလက်ကို ပြည်ထဲရေးကနေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပို့တယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သက်ဆိုင်တဲ့ ခရိုင်ကိုပို့ပါတယ် ပြန်စိစစ်ပြီး ပြန်လုပ်တာ ဖြစ်ပါတယ် ကိုယ်စားလှယ်ဖြစ်ပြီးသွားရင်မှ ဥပဒေနဲ့ မညီညွှတ်ရင် ပယ်လို့ရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလောင်း အမည်စာရင်း ပယ်ဖျက်ခံရသည့် ဦးမောင်မောင်သည် ယခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD  ပါတီဝင် တစ်ဦး ဖြစ်ခဲ့ပြီး မော်လမြိုင်ခရိုင် NLD ပြန်ကြားရေးတာဝန်ခံဖြစ်ခဲ့ကြောင်း၊ သံဖြူဇရပ် မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီထံ အဆိုပြုရာတွင် ပယ်ချခံရကြောင်း၊ ဇွန်လတွင်းက ပါတီမှ နှုတ်ထွက်ခဲ့ပြီး ကျိုက်မရော မြို့နယ်တွင် ပြည်နယ်လွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ တခြားပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားသည့် ပါတီဝင် ၄၀ ခန့်ကို ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ သြဂုတ် ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts