HomeCovid 19Covid-19 ပိုးတွေ့လူနာသစ် ၂ ရက်အတွင်း ၁၀၀ ဦး၊ ၁၀ ရက်အတွင်း ၂၀၀ ဦးစံချိန်တင်တွေ့ရှိ

Covid-19 ပိုးတွေ့လူနာသစ် ၂ ရက်အတွင်း ၁၀၀ ဦး၊ ၁၀ ရက်အတွင်း ၂၀၀ ဦးစံချိန်တင်တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (သြဂုတ် ၂၆)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းတွင် သြဂုတ် ၂၅-၂၆ (၂) ရက်အတွင်း Covid-19 အတည်ပြုလူနာသစ် ၁၀၀ ဦး၊ သြဂုတ်လ ၁၆ ရက်နေ့မှ ယနေ့အထိ ၁၀ ရက်အတွင်း အတည်ပြုလူနာသစ် ၂၀၀ ဦးတိတိ စံချိန်တင်အများဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်နေ့အတွက် ပထမ ဓါတ်ခွဲနမူနာစမ်းသပ်မှု ၁၄၇၅ ခုမှ အတည်ပြု လူနာ ၃၀ ရှိကြောင်း ကြေညာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အတည်ပြု လူနာသစ် ၇၀ ဦးပိုးထပ်မံတွေ့ရှိသဖြင့် ၂ ရက်အတွင်း အတည်ပြုလူနာ ၁၀၀ တိုးလာခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာသစ်များတွင် ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ကြပြီး COVID-19 လူနာနံပါတ် 482 တစ်ဦးတည်းသာ မော်လမြိုင်မြို့မှ အသက် ၅၅ နှစ်အရွယ် ဆရာမတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိဘဲ မော်လမြိုင်တက္ကသိုလ် CBFQ Community Based Facility Guarantine ၌ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ခံလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆရာမသည် သြဂုတ်လ ၅ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်သို့ ၂ ပတ်ကြာသွားရောက်ခဲ့ပြီးနောက် မော်လမြိုင်မြို့ကို ပြန်ရောက်လာပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ အတည်ပြုလူနာသစ် ၁ ဦးတိုးလာသဖြင့် တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာပေါင်း ၃၇၅ ဦးရှိခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ၅၇၄ ဦးအထိ ပိုးတွေ့သူ အရေအတွက် ၂၀၀ ဦးအထိ တိုးများလာခြင်းဖြစ်သည်။

လက်ရှိ ရောဂါအကူးစက်ခံရသူ စုစုပေါင်း ၅၇၄ ဦးအနက် ယခုအထိသေဆုံးသူ ၆ ဦး၊ ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူက ၃၃၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၅ ရက်နေ့က COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၃၇၃)ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ (၂၅၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၅) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၄) ခု စုစုပေါင်း (၂,၃၀၀) ခုအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

Photo-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်(MoHS)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts