Homeငြိမ်းချမ်းရေး၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး လာမည့်ဩဂုတ်လဒုတိယပတ် ကျင်းပရန်လျာထား

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး လာမည့်ဩဂုတ်လဒုတိယပတ် ကျင်းပရန်လျာထား

-

စိုင်းဦး(ရန်ကုန်-ဇူလိုင် ၅)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် ဩဂုတ်လဒုတိယအပတ်တွင် ကျင်းပရန် တပ်မတော်ပါဝင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NCA-S EAO အကြား ယမန်နေ့တွေ့ဆုံဆွေးနွေးပွဲ၌ လျာထားသည်ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ရန်ကုန်မြို့ NRPC တွင် ဆွေးနွေးပွဲပါဝင်တက်ရောက်သူ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ALP မှ ဒေါ်စောမြရာဇာလင်းက “ဟုတ်ပါတယ် ကျွန်မတို့ ရက်သတ်မှတ်ထားပါပြီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကျွန်မတို့ကတော့ စတုတ္ထအစည်းအဝေးလို့ခေါ်တာပေါ့လေ၊ ဩဂုတ် ၁၂-၁၃-၁၄ ရက်သတ်မှတ်ထားပါပြီ” ဟု ပြောသည်။

အကယ်၍ ဩဂုတ်လတွင် ပြည်ထောင်ငြိမ်းချမ်းရေးညီလာခံမကျင်းပနိုင်လျှင် နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မဲဆွယ်ကာလ ခက်ခဲသွားနိုင်သည်ဟု ဒေါ်စောမြရာဇာလင်းက ဆက်ပြောသည်။

သို့ရာတွင် အစိုးရကိုယ်စားလှယ်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ညှိနှိုင်း၍ ရလာသည့် နေ့ရက်ကို သက်ဆိုင်ရာအဖွဲ့အစည်းခေါင်းဆောင်အသီးသီးထံသို့ ဆက်လက်တင်ပြ၍ အတည်ပြုချက်ရယူဦးမည်ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်( PC) ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက “အဲအဆိုပြုချက်ကို အစိုးရ၊ တပ်မတော် လွှတ်တော်အစုကလည်း သက်ဆိုင်ရာလူကြီးကို တင်ပြမယ် EAO ဖက်ကလည်း PPST ကို တင်ပြမယ် အဲတင်ပြပြီး နှစ်ဖက် ပြန်ပြီးတော့မှ ရက်က အတည်ဖြစ်မှာပါ” ဟု ဆိုသည်။

ညီလာခံမကျင်းပမီ အစိုးရ၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အစည်းအဝေးကို လာမည့် ဩဂုတ်လ ၇ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည်ဟု သိရသည်။

၂၀၁၈ ဇူလိုင်လအတွင်း နေပြည်တော်၌ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် နိုင်ငံရေး၊ လူမှု ရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ၄ ရပ်မှ သဘောတူညီချက် ၁၄ ချက် ကိုသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ ၂၀၁၇ မေလက ကျင်းပခဲ့သော ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်လည်း ကဏ္ဍ ၄ ရပ်မှသဘောတူ ညီချက် ၃၇ ချက်ရရှိထားဖြစ်ကြောင်း၊ ကဏ္ဍကြီး ၅ ရပ်မှ လုံခြုံရေးကဏ္ဍမပါဝင်သေးဘဲ စုစုပေါင်း ၅၁ ချက်ကို ပြည်ထောင်စုသဘောတူစာ ချုပ်အစိတ်အပိုင်းအဖြစ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

Photo- ရန်ကုန်မြို့ NRPC ၌ အစိုးရနှင့် EAO နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ(Hla Maung Shwe)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts