မွန်သတင်းအေဂျင်စီ (ဇွန် ၂၆)
မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် သုံးစွဲသူလျှော့ချရေးသာ အဓိကဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ Online စကားဝိုင်းတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်သည်။
အဆိုပါအစီအစဉ်ကို မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်၌ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်မှစတင်၍ မွန်ပြည်နယ်အခြေစိုက် ပင်မမီဒီယာများမှ Live အစီအစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကို ထုတ်လွှင့်ပေးခဲ့သည်။
“အရေးကြီးဆုံးအချက်က သုံးစွဲသူလျှော့ချရေးပဲ၊ သုံးစွဲတဲ့သူကို ကူညီပါ အပြစ်မပေးပါနဲ့ဆိုတဲ့စကားအရ ဒီနွံထဲကဆွဲထုတ်ဖို့ ကြိုးစားပြီးတော့ ဒီဥပဒေကိုပြင်ဆင်လိုက်တာ၊ အဲဒီလူတွေ မူးယစ်ဆေးဝါးဖြတ်ချင်ဖို့ ဖြတ်ချင်လာစိတ်ရှိဖို့ ဖြတ်တယ်ဆိုရင် ဘယ်လိုဆက်သွယ်ပြီး ဖြတ်ရသလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် Awareness (အသိအမြင်) ပေးဖို့လိုတယ်” ဟု ဒေါ်ခိုင်ခိုင်လဲက ဆိုသည်။
မူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် သန်းခေါင်စာရင်းဝင် ကာယကံရှင်မိသားစုဝင်တစ်ဦးဦးက လျှောက်လွှာပုံစံဖြည့်၍ လက်မှတ်ထိုးရကြောင်း၊ မွန်ပြည်နယ်တွင် အစိုးရနှင့်ချိတ်ဆက်၍ မူးယစ်ဆေးဝါးဖြတ်လိုသူများအား အကူအညီပေးသည့် အဖွဲ့အစည်းတစ်ခုရှိကြောင်း၊ ၎င်းအဖွဲ့အစည်းဥက္ကဌက အဆိုပါလျှောက်လွှာကိုလက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရ၊ မြို့နယ်ထွေအုပ်နှင့် သက်ဆိုင်ရာရဲစခန်းသို့ မိတ္တူတစ်စောင်စီပေးအပ်မည်ဖြစ်ကြောင်း၊ ရဲစခန်းက မူးယစ်ဆေးဝါးဖြတ်မည့်သူကို ရန်ကုန်မြို့ စိတ်ကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသည့်အတွက် ရဲကဖမ်းဆီးထောင်ချခြင်းမဟုတ်ဘဲ မိသားစုဝင်၏ ကမ်းလှမ်းချက်အရ မူးယစ်ဆေးဝါးဖြတ်သည့်နေရာကို ပို့ဆောင်ပေးခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုတော်တော်များက မူးယစ်ဆေးဝါးသုံးရင် အဖမ်းခံရမှာ ဆိုပဲသိတယ်၊ မူးယစ်ဆေးဝါးဖြတ်ဖို့ သူတို့ပါးစပ်ကနေ ထုတ်ပြီးမပြောရဲဘူး၊ မိသားစုဝင်တွေကလည်းပဲ အိမ်မှာသုံးစွဲတဲ့သူတစ်ယောက်ရှိနေရင် ရဲကဘယ်အချိန်လာဖမ်းမှာလဲ အားလုံးကြောက်လန့်ပြီးတော့ဖြစ်နေရတာမျိုးပဲရှိတယ်၊ အမှန်တကယ်တော့ မဟုတ်ပါဘူး၊ ဆေးဖြတ်ချင်သည်ဖြစ်စေ မဖြတ်ချင်သည်ဖြစ်စေ မိသားစုဝင်တစ်ဦးဦးက သက်ဆိုင်ရာကိုအကူအညီတောင်းပြီးတော့ ဆေးဖြတ်ဖို့ကြိုးစားလို့ရတယ်၊ ဆေးသုံးနေရင်ပြောပါ နိုင်ငံတော်ကအပြစ်မပေးပါဘူး စောင့်ရှောက်ပါတယ် ဆိုတဲ့မက်ဆေ့လေး ပေးချင်ပါတယ်”ဟု ဆိုသည်။
ထို့အတူ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား မိဘများကိုယ်တိုင် လာရောက်အပ်နှံလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ သထုံခရိုင်အလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဇော်မင်းဦးက အဆိုပါ စကားဝိုင်းအစီအစဉ်တွင် ပြောဆိုခဲ့သည်။
“ကျနော်တို့ဆီမှာ ဆေးဖြတ်ပေးတဲ့အဆင့်လောက်ပဲ ရှိတယ်၊ ဆေးစွဲမှာစိုးလို့ အိမ်မှာသောင်းကျန်းမှာစိုးလို့ အိမ်မီးရှို့မှာစိုးလို့ သူတို့ရဲ့သားကို လာအပ်တာပေါ့၊ ဒါပေမယ့် သူတို့ရဲ့သားကတော့ မူးယစ်ဆေးဝါးသုံးစွဲနေပြီလို့ ပြောတဲ့မိဘနည်းပါတယ်” ဟု နိုင်ဇော်မင်းဦးက ပြောသည်။
မိမိတို့အတွေ့အကြုံအရ သတ်မှတ်ထားသောစည်းကမ်းအတိုင်း မူးယစ်ဆေးစွဲသူများအား ၃ လခန့်အချိန်ပေးပါက ဆေးစွဲခြင်းမှ အသေအချာပြတ်ခဲ့ပါကြောင်း၊ သို့ရာတွင် ဆရာဝန်မရှိသဖြင့် ဆေးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ကုသပေးနိုင်ခြင်း မရှိသေးကြောင်း၊ ကျန်းမာရေးထိခိုက်လာပါက ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ကုသစေခဲ့ကြောင်း ၎င်းက ဆိုသည်။
အလားတူ မေတ္တာစေတမန် လူထုအခြေပြု ဇာတ်သဘင် လက်ထောက်တာဝန်ခံ မင်းချမ်းမွန်က “မွန်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေးစခန်းမရှိဘူး၊ Rehab Center (ပြန်လည်ထူထောင်ရေးဌာန) ဆိုရင် တစ်ခုပဲရှိတယ်၊ ဆေးဖြတ်ချင်သူတွေ ဒီ Rehab Center ကို မသိတာများတယ်၊ သိတယ်ဆိုတဲ့လူတွေကလည်း အဖမ်းခံရမှာကို ကြောက်တယ်၊ ဒါကြောင့် ကျနော်တို့လူငယ်ကြားမှာရော အခြားလူတွေမှာရော ကျနော်အသိပေးလိုတာက မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ဟာတွေ သူရဲ့နောက်ဆက်တွဲဟာတွေကို knowledge develop (အသိပညာဖွံ့ဖြိုး) ဖြစ်ဖို့အတွက် ဒါလေးတော့ မက်ဆေ့ပေးချင်ပါတယ်” ဟု အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးအကြံပြုခဲ့သည်။
သို့ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုံးစွဲမည့်ငွေ ဘတ်ဂျက်ခေါင်းစဉ်မရှိသလို ရံပုံငွေတရပ်ရပ် ထူထောင်ထားခြင်းမရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍတွင် လူငယ်များအကြား ပူးပေါင်းပါဝင်မှုမြင့်မားလာစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် လူသားကဲ့သို့ဆက်ဆံရန်၊ ခွဲခြားဆက်ဆံခြင်း၊ ထောင်ချအပြစ်ပေးခြင်းများ ထပ်မံမပြုလုပ်ရန်နှင့် အန္တရာယ်လျှော့ချရေးနှင့်ပတ်သက်သည့် အသိပညာပေးအမြင်များ၊ ထိရောက်သော ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုများ မြင့်မားလာရေးအတွက် တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။