Homeသတင်း၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် Code of Conduct တွင် ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီအချို့လက်မှတ်မထိုး

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် Code of Conduct တွင် ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီအချို့လက်မှတ်မထိုး

-

စိုင်းဦး (ရန်ကုန်-ဇွန် ၂၈)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်များဆိုင်ရာကျင့်ဝတ် Code of Conduct ၌ မဲဆွယ်စည်းရုံးရာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အသုံးမပြုရန်ဆိုသည့်အချက်ကို သဘောတူညီချက်မရ၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ လက်မှတ်မထိုးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ USDP ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာဆိုင်ရာကျင့်ဝတ် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ဇွန် ၂၆ ရက်က ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ၉၇ ရှိသည့်အနက် ၈၃ ပါတီတက်ရောက်ကာ  ၆၄ ပါတီ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

 “အမျိုးသားခေါင်းဆောင်ရဲ့ပုံကို ဘယ်နိုင်ငံရေးပါတီတွေမှ ရွေးကောက်ပွဲတွေမှာ အသုံးမပြုဖို့ ဆိုပြီးတော့မှ Code of Conduct မှာ ထည့်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီတွေ တောင်းဆိုထားတာရှိတယ် ဒါပေမဲ့ အဲနေ့က COC လက်မှတ်ရေးထိုးပွဲမှာ ဝေတဲ့အခါကျတော့ အဲအချက်မပါလာဘူး နိုင်ငံရေးပါတီအများစု တောင်းဆိုထားတဲ့ အချက်မပါလာဘူး အဲဒီအတွက် လက်မှတ် မရေးထိုးဘူးပေါ့ဗျာ” ဟု ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကိစ္စကို မိမိတို့ MUP ပါတီအနေဖြင့် မသိရှိထားကြောင်း၊ ကျင့်ဝတ်ရေးဆွဲသည့် အဖွဲ့ကလည်း မိမိတို့ သိရှိအောင် မပြောပြနိုင်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် နိုင်ရဲဇော်က ပြောသည်။

နိုင်ရဲဇော်က “ဒီဟာအပေါ်မှာ ကျွန်တော်တို့ပါတီက မသိထားခဲ့ဘူး၊ ရေးဆွဲတဲ့အဖွဲ့ကလည်း ပါတီကို မပြောပြနိုင်ခဲ့ဘူး၊ ဒီပြဿနာတွေ မသိထားခဲ့တာအခါ ကျွန်တော်တို့ ပြန်ကြားလိုက်တဲ့အခါမှာ ပြင်ဆင်စရာမရှိဘူးလို့ဘဲ ပြန်ကြားထားတာ၊ အဲဒီအချိန် အဲနေ့ကျမှ သိပြီးတော့ မထိုးပါဘူး ဆိုပြီးတော့ လုပ်နေရင် ကျွန်တော်တို့အနေနဲ့ ကလေးကလားဆန်တယ်လို့ ယူဆတယ်လေ” ဟု ပြောသည်။

ယင်းကဲ့သို့ တက်ရောက်လာသည့်ပါတီအများစု သဘောတူလက်မှတ်ရေးထိုးကြရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP လည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် Code of Conduct သည် ဥပဒေအရ ချုပ်နှောင်ထားခြင်းမဟုတ်သည့်အတွက် မလိုက်နာသည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များကို အရေးယူနိုင်ခြင်း မရှိသော်လည်း ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်နိုင်ရေးအတွက် အထောက်အကူဖြစ်လိမ့်မည်ဟု နိုင်ငံရေးပါတီများက လက်ခံထားသည်။

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်စည်းမျဉ်းများကို လက်ရှိ နိုင်ငံရေး ၊ဥပဒေ၊ လူမူရေးအခင်းအကျင်းနှင့် လိုက်လျောညီစေရန်  ပြန်လည်ပြင်ဆင်ထားပြီး လွန်ခဲ့သည့်ဧပြီလကတည်းက နိုင်ငံရေးပါတီအသီးသီးထံ အီးမေးလ်နှင့် စာတိုက်များမှ တဆင့်ပေးပို့၍ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းစာအုပ်တွင် ဖော်ပြထားသည်။

Photo-၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် Code of Conduct လက်မှတ်ရေးထိုးပွဲ (သတင်းစဉ်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts