Homeငြိမ်းချမ်းရေး၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေးကို သင့်လျော်မည့်အချိန် ကျင်းပရန် ဗိုလ်မှူးကြီး စိုင်းငင်းဆို

၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေးကို သင့်လျော်မည့်အချိန် ကျင်းပရန် ဗိုလ်မှူးကြီး စိုင်းငင်းဆို

-

စိုင်းဦး (ရန်ကုန်-ဇွန် ၂၂)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် ကျင်းပမည့်အချိန်ကို သတ်မှတ်ရာတွင် အစုအဖွဲ့အားလုံးနှင့် သင့်လျော်မည့်အချိန်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောကြားလိုက်သည်။

ဇွန်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး Online Video Conference(ဆဌမအကြိမ်) တွင် ယခုကဲ့သို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 “ညီလာခံ ကျင်းပမယ့်အချိန်ကို သတ်မှတ်ရာမှာ အစုအဖွဲ့အားလုံးနဲ့ သင့်လျော်အဆင်ပြေမယ့် အချိန်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ် ” ဟု ဗိုလ်မှူးကြီး စိုင်းငင်း ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရအနေနှင့် ဇူလိုင်လအတွင်း ကျင်းပလိုပြီး NCA-S EAO က ဩဂုတ်လအတွင်း ကျင်းပလိုကြောင်း ၎င်းကဆိုသည်။

“အစိုးရက ဇူလိုင်လအတွင်း ညီလာခံကို ကျင်းပလိုပြီး NCA-S EAO က ဩဂုတ်လအတွင်းကျင်းပလိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်လိုအပ်တယ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြစ်နိုင်ရင် ညီလာခံကို ခပ်စောစော ကျင်းပလိုတယ်ဆိုတာ အရိပ်အမြွတ်ကြားသိရပါတယ်။ တပ်မတော်ကလည်း လုံလောက်တဲ့ ဆွေးနွေးမှုနဲ့ လုံလောက်တဲ့ အချိန်လိုအပ်တယ်လို့ ပြောထားတာ ရှိပါတယ်။ ထို့ကြောင့် ညီလာခံ ကျင်းပမယ့်ရက် သတ်မှတ်ရေးကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်း ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါဖြစ်ပွားနေပြီး လတ်တလော ကာလ ကူးစက်မှုထိန်းချုပ်ရေးကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လုပ်ဆောင်နေကြသည်။

အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဆဲဂေက “လတ်တလော ကာလမှာ ကူးစက်မှုထိန်ချုပ်ရေးကို အစိုးရရော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော စွမ်းစွမ်းတမံလုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်နေစဉ် ကာလမှာ ကျနော်တို့ရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုကလည်း ရပ်တန့်လို့ မရနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကျင်းပမည့် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အစုအဖွဲ့အားလုံး လက်ခံသဘောတူသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေးနှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် အဆင်ပြေချော့မွေ့စေရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပေးကြရန် ဗိုလ်မှူးကြီး စိုင်းငင်းက တိုက်တွန်းပြောဆိုခဲ့သည်။

နောက်ရက်များဖြစ်သည့် ဇွန်လ ( ၂၃၊ ၂၄၊ ၂၅)ရက်နေ့များတွင် အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် NCA–S EAO ညှိနှိုင်းရေးအဖွဲ့တို့ စတုတ္ထ အကြိမ်မြောက် ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်ဖွဲ့ (DKBA)၊ ကရင် အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ လက်မှတ်ထိုးထားကြသည်။

Photo- NCA-S EAO Online Video Conference (nca-s-eao)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts