HomeCovid 19မွန်ပြည်နယ်စည်ပင်သာယာရေးဈေးများအတွင်း Mask မတပ်ပါက ဒဏ်ငွေတစ်သောင်း

မွန်ပြည်နယ်စည်ပင်သာယာရေးဈေးများအတွင်း Mask မတပ်ပါက ဒဏ်ငွေတစ်သောင်း

-

ရန်လင်းအောင် (မော်လမြိုင်၊မေ ၁၁)

မွန်ပြည်နယ် အတွင်းရှိ စည်ပင်သာယာရေးဈေးများအတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေတစ်သောင်းရိုက်၍ အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

“အခုဈေးရောင်းတဲ့လူတွေအားလုံး မဖြစ်မနေ Mask တပ်ရမယ်၊ မလိုက်နာလို့ရှိရင်တော့ ဒဏ်ငွေရိုက်မယ်ဆိုပြီးတော့ မနေ့ကလည်းဈေးတွေအားလုံးမှာ ဆိုင်ရှင်တွေကို စာတွေပို့တာတို့ Mask တွေ ဝေပေးတာတို့ အကုန်လုံးကို လိုက်လုပ်ပေးတယ်၊ ကျွန်တော်တို့ သတ်မှတ်ပေးထားတာကတော့ ဈေးစည်းကမ်းအရ လိုက်နာမှုမရှိရင် ဒီအတွက်ကို ဒဏ်ကြေး (၁၀၀၀၀)ကျပ် ကျွန်တော်တို့သတ်မှတ်တယ်” ဟု ၎င်းကဆိုသည်။

သို့ရာတွင် Mask မတပ်ဆင်သူများထံမှ ရရှိလာသည့်ဒဏ်ကြေးငွေများအား မည်ကဲ့သို့ပြန်လည်အသုံးချမည်ကို ရှင်းလင်းပြောကြားခြင်းမရှိပေ။

“ဈေးစည်းကမ်းမှာ သတ်မှတ်ထားပြီးသားဗျ ပထမအဆင့်အနေနဲ့ လိုက်နာမှုမရှိရင် ကျွန်တော်တို့ ဒဏ်ရိုက်မယ် အဲ့မှာမှ ထပ်ပြီးတော့ ဖောက်ပျက်မယ်ဆိုလို့ရှိရင် ဈေးဆိုင်ခန်းကို ပိတ်သိမ်းတဲ့ အထိ ကျွန်တော်တို့ အပြစ်ပေး အရေးယူမယ် ဈေးစည်းကမ်းမှာ ပါထားပြီးသား” ဟု ၎င်းက ဆက်ပြောသည်။

COVID ရောဂါကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်၊ အခြားကျန်သည့် ဈေးဆိုင်များကို မေလ ၁၅ ရက်နေ့အထိ ယာယီပိတ်သိမ်းရန် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်က မော်လမြိုင်မြို့ အောက်လမ်းမဈေးကြီးအတွင်း ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် Mask တပ်ဆင်ခြင်း မရှိခြင်းနှင့် လူစုလူဝေးဖြစ်ပေါ်ခဲ့သည့်အတွက် လူမှုကွန်ရက်ပေါ်၌ ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးရှိ စည်ပင်သာယာဈေးပေါင်း ၁၃၂ ဈေး၌ မေလ ၁၁ ရက်နေ့အထိ ဈေးများတွင် Mask မတပ်သည့်ဈေးသည်ပေါင်း ၆၀၀ နီးပါးထံမှ ဒဏ်ကြေးငွေ ၂၅ သိန်းကျော်ကို ဘက်ဂျက်ထည့်သွင်းထားပြီးဟု သတင်းရရှိသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် အပြင်ထွက်သည့်အခါ Mask မတပ်ပါက ဒဏ်ကြေးအဖြစ် Mask ၅၀၀၀ ဖိုး ဝယ်ယူရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မေ လ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Photo- မော်လမြိုင်မြို့ အောက်လမ်းမကြီးဈေးတစ်နေရာ (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts