HomeCovid 19မွန်ပြည်နယ် ပရိယတ္တိစာသင်တိုက်အချို့တွင် ဆွမ်းအခက်အခဲများ ဖြစ်ပေါ်နေသည်ဟုဆို

မွန်ပြည်နယ် ပရိယတ္တိစာသင်တိုက်အချို့တွင် ဆွမ်းအခက်အခဲများ ဖြစ်ပေါ်နေသည်ဟုဆို

-

ရန်လင်းအောင် (မေ ၅၊ မော်လမြိုင်)

မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်ရှိသော ပရိယတ္တိစာသင်တိုက်အချို့တွင် ဆွမ်းအခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

သထုံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း စာသင်တိုက် ဒကာများ လုပ်ငန်းရပ်ဆိုင်းမှုနှင့် Stay at Home နေထိုင်မှုတွေကြောင့် သံဃာတော်များအတွက် ဆွမ်းအခက်အခဲကို ဖြစ်ပေါ်စေသည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက သူ၏ Facebook စာမျက်နှာတွင် ပြောသည်။

“ပုံမှန် သူတို့ ဟင်းချိုင့် ယူနေတဲ့ အိမ်တွေရှိသလို ဆွမ်းခံကြွပြီး ဆွမ်းရရှိတဲ့ အပေါ်မှာ Covid 19 ကာလမှာ Social Distancing သတ်မှတ်တဲ့ အနေအထားတွေ Stay Home နေတဲ့ ကာလတွေအပေါ်မှသံဃာတော်တွေနဲ့ ဆွမ်းဘုန်းတဲ့ ကိစ္စတွေ မလုံလောက်မှုတွေ ဖြစ်ပေါ်နေပါတယ်” ဟု ဦးအောင်ကျော်သူက ဆိုသည်။

ထို့အတူ မြို့ပေါ်ရှိ စာသင်တိုက်တွေမှာ ဆွမ်းအခက်အခဲ ပိုဖြစ်နေပြီး ဆန်ပြုတ်နှင့် ခေါက်ဆွဲပြုတ်များကို ဘုန်းနေရသည်ဟု ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“တစ်ချို့ဆို ရှိတဲ့ ဟာလေးတွေနဲ့ အဆင်ပြေအောင် ကြံဖန်ပြီးတော့ ရပ်တည်ပြီး စားသောက်နေရတယ် တစ်ချို့ကျောင်းတွေဆို ပြောပြချက်အရပေါ့လေ ဆန်ပြုတ်ကိုပဲ အဆင်ပြေအောင်ဘုန်း မားမားကိုပြုတ် တစ်ခါတစ်လေကျ သင်္ကြန်ထမင်းလို ဘာလိုလို မြို့ပေါ်ကျောင်းတွေက ပိုအခက်အခဲဖြစ်နေတယ်” ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

သို့ရာတွင် Covid 19 ကာလမှာ  စားရေး သောက်ရေးနှင့် ပတ်သက်ပြီး အခက်အခဲရှိသည့် ပြည်သူများအနေဖြင့် ပြည်နယ် အစိုးရကို စာရေးတင်ပြနိုင်ပြီး၊ တင်ပြလာပါက အစိုးရ အနေဖြင့် ကူညီဖို့ စဉ်းစားပေးမှာ ဖြစ်သည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

 “တရားဝင် စာရွက်စာတမ်းနဲ့လျှောက်ရင်တော့ စဉ်းစားပေးမယ်၊ တရားဝင်စာရွက်တွေက အခုအချိန်ထိ တစ်ရွက်မှ မရောက်သေးဘူး၊ အကြောင်းကြားတာ မရှိသေးဘူး၊ ကျေးရွာတစ်ရွာမှာ တကယ်ပဲ ဒီမှာလိုအပ်ပါတယ်ဘာတယ်ဆို စာရွက်စာတမ်းနဲ့ လာရင်တော့ကျွန်တော်တို့  စဉ်းစားပေးမယ် ၊  သူတို့ ဘယ်လိုပုံစံနဲ့ တောင်းလည်းဆိုတာကို ကြည့်ရမယ်၊ ဆန်ပဲလိုရင် ဆန်ပဲပေးမယ်၊ဆန် ဆီ ဒီလိုတောင်းလာရင်တော့ ဆန် ဆီပေးမယ်၊နည်းနည်း အကန့်အသတ်လေးတော့ရှိတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ် မှာ လက်ရှိဖြစ်ပေါ်နေသည့် Covid 19 နှင့် ပတ်သက်ပြီး အသွားအလာကန့်သတ်မှုနှင့် နေအိမ်အတွင်းနေထိုင်ရန် ညွှန်ကြားမှုကြောင့် စက်ရုံ အလုပ်ရုံနှင့် ဈေးဆိုင်များ လုပ်ငန်းရပ်ဆိုင်းမှု ရှိနေသည့် အတွက် အခြေခံ လူတန်းစားများအနေဖြင့်လည်း စားဝတ်နေရေး အခက်အခဲရှိနေသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် သင်္ကြန်ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ရန် စာရင်းကောက်ယူရာတွင် အခြေခံလူတန်းစား ၄ သောင်းကျော်ရှိနေတာလည်းဖြစ်သည်။

Photo- ပရိယတ္တိစာပေသင်ယူနေသည့် သီလရင်များ (Naiaung Naing)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts