Homeငြိမ်းချမ်းရေးတပ်မတော်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ စောသက်မီးသည် KNU တပ်ဖွဲ့ဝင်မဟုတ်ဘဲ အရပ်သားခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ကရင်အဖွဲ့အစည်းများပြော

တပ်မတော်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ စောသက်မီးသည် KNU တပ်ဖွဲ့ဝင်မဟုတ်ဘဲ အရပ်သားခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ကရင်အဖွဲ့အစည်းများပြော

-

မွန်သတင်းအေဂျင်စီ (ဧပြီ ၆)

ကရင်ပြည်နယ် ဖာပွန်မြို့နယ် စောမူပလောဒေသ၌ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအချိန်တွင် စားနပ်ရိက္ခာဝယ်ပြီး အိမ်ပြန်လာကြသည့်ရွာသားတစ်စု ကားလမ်းပေါ်ဖြတ်ကူးနေစဉ် တပ်မတော်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ထီးဘောခီးရွာသား စောသက်မီး (အသက် ၅၇ နှစ်) သည် KNU အဖွဲ့ဝင်မဟုတ်ဘဲ ကရင်အရပ်သားခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ကရင်အဖွဲ့အစည်းများက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဧပြီလ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ လမ်းလုံခြုံရေးယူထားသည့်တပ်မတော်စစ်ကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင် ၇ ယောက် ပစ်ခတ်မှုဖြစ်ပြီး KNU အဖွဲ့မှ အရပ်ဝတ်အလောင်း တစ်လောင်း၊ အေကေ-၄၇ ကျည် ၁၄ တောင့်၊ ဒီတိုနီတာနှစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟုဖော်ပြထားကြောင်း၊ သို့ရာတွင် ယင်းဖြစ်စဉ်တွင် KNU နှင့် ပစ်ခတ်ခဲ့ခြင်းမရှိဘဲ အရပ်သားများကိုတပ်မတော်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခင်ဖြစ်စဉ်ကဲ့သို့ပင် လုပ်ကြံစွပ်စွဲပြောဆိုနေကျပုံစံ သတင်းထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ဖာပွန်ဒေသခံ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဥက္ကဌ စောဖောလ်စိန်ထွားက ဆိုသည်။

စောဖောလ်စိန်ထွားက “ မြန်မာစစ်တပ်က သူတို့ခါတိုင်းပဲ ဒီလိုပြောတယ်ဗျ၊ ရွာသူရွာသားတွေကို သူတို့ပစ်ထည့်တာပဲ၊ KNU သူတို့ သွားပစ်မယ်ဆိုရင်တော့ အဲလိုပုံစံမသွားဘူး၊ KNU နဲ့လည်း တိုက်ပွဲမဖြစ်ဘူး၊ အိမ်အသုံးအဆောင်ပစ္စည်းဝယ်လာတဲ့ ရွာသူရွာသားတွေ လမ်းဖြတ်ကူးတာကို သူတို့ပစ်ထည့်တာပဲ၊ အဲဒါ ကျနော်တို့ရခဲ့တဲ့ သတင်းအချက်အလက်အတိအကျပဲ၊ ပြီးခဲ့တဲ့ ၂၀၁၈ မှာ စောအူမူးကိုလည်း ဒီလို ပစ်သတ်ခဲ့တာပဲ၊ ပစ်သတ်ပြီးတော့ သူတို့ပြောတာအရပ်ဝတ် KNU ဆိုပဲ” ဟု ဆိုသည်။

အဆိုပါ စောသက်မီး သေဆုံးမှုနှင့်ပတ်သက်၍ သံလွင်ငြိမ်းချမ်းရေးဥယာဉ်က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ စောသက်မီး၏ ရုပ်အလောင်းကိုလည်း မိသားစုဝင်များက ကောက်ယူနိုင်ခြင်းမရှိခဲ့ကြောင်း၊ အပစ်ခတ်ခံခဲ့ရသည့်နေရာတွင် ဒေသခံရွာသားများ၏ ဆီ ၁၀ ပုံး၊ ကွမ်းသီး ၂၀၀ ပိဿာ နှင့် ပုဆိန်တစ်လက် ကျန်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN မှ ဧပြီလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ပြောခွင့်ရ နော်ထူးထူးက “ရွာသားတွေက အစားအသောက်သွားဝယ်တာဖြစ်တယ်၊ KNU စစ်သားလည်းမဟုတ်ပါဘူး၊ သူကအရပ်သား၊ သူက ကော်သေးဂူမှာဆိုလို့ရှိရင် ကျေးရွာပိုင် ဘုံသစ်တောတစ်ခုရဲ့ ကော်မတီဝင်ခေါင်းဆောင်တစ်ဦး ဖြစ်တယ်။ နောက်ပြီးတော့ အဲဒီကော်သေးဂူရဲ့ တရားစီရင်ရေးကော်မတီရဲ့ ဒုတိယတရားသူကြီးတစ်ဦး ဖြစ်တယ်” ဟု ဆိုသည်။ 

ထို့ပြင် ဖာပွန်ခရိုင်၌ ၂၀၁၈ ခုနှစ် ဧပြီလက ဒေသတွင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ခေါင်းဆောင် စောအိုမူးကိုလည်း တပ်မတော်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ပြီး အလားတူ အရပ်ဝတ် KNU အဖြစ် စွပ်စွဲ၍သတင်းထုတ်ပြန်မှုရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက “ဟိုးအရင်က စောအိုမူး ဖြစ်သွားတဲ့ဥစ္စာမှာလည်း KNU ဆိုပြီး အဲလိုပဲစွပ်စွဲတယ်၊ အမှန်ဆိုတော့ လူထုကို အကာအကွယ်ပေးရမှာနော်၊ ဒီလိုမျိုးဖြစ်သွားတဲ့ကိစ္စမှာ ကျနော်တို့ KNU ကတော့ လက်ခံလို့မပါရဘူး၊ ဒါကလူထုကိုတိုက်ရိုက် ပစ်တဲ့ဖြစ်စဉ်အနေနဲ့ လူထုဘက်ကနေ ကျနော်တို့ရပ်တည်ပြီးတော့ ကိုင်တွယ်ရမယ်”ဟု ဆိုသည်။

ဖာပွန်ခရိုင်ဒေသတဝိုက်တွင် ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်မှ ယနေ့အထိ တပ်မတော် စစ်ကြောင်းများနှင့် KNU တပ်ဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှု ၄၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။


Photo-သံလွင်ငြိမ်းချမ်းရေးဥယာဉ်၏ သတင်းထုတ်ပြန်ချက်(Copy)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts