HomeCovid 19သင်္ကြန်ကာလအတွင်း အရက်နှင့် ဘီယာဆိုင်အားလုံးပိတ်သိမ်း၍ ခိုးရောင်းပါက ထောင်ဒဏ်ချက်ချင်းချမှတ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

သင်္ကြန်ကာလအတွင်း အရက်နှင့် ဘီယာဆိုင်အားလုံးပိတ်သိမ်း၍ ခိုးရောင်းပါက ထောင်ဒဏ်ချက်ချင်းချမှတ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

-

ရန်လင်းအောင် (ကျိုက်ထို-ဧပြီ ၇)

သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးဌာနများက လိုင်စင်ထုတ်ပေးထားသော အရက်ဆိုင်နှင့် ဘီယာဆိုင်များအားလုံး သင်္ကြန်ကာလအတွင်း ပိတ်သိမ်းမည်ဖြစ်ပြီး ခိုးရောင်းသူနှင့် အရက်ပုန်းဆိုင်များကို သဘာဝဘေးအန္တရာယ် ကာကွယ်နှိမ်နင်းရေးဥပဒေ ၃၀(က) ဖြင့် ထောင်ဒဏ်ချက်ချင်းချမှတ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

“ဘီယာနဲ့အရက် လိုင်စင်ထုတ်ပေးထားတဲ့ ဆိုင်တွေအကုန်လုံး သင်္ကြန်အတောအတွင်းမှာ(ဧပြီ) ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ပိတ်သိမ်းမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ “ခိုးရောင်းတဲ့လူတွေ အရက်ပုန်းဆိုင်တွေ ပိတ်ရင်ပိတ်၊ မပိတ်ရင်ကြီးလေးတဲ့ ဒဏ်ငွေချမယ် ဖမ်းလည်းဖမ်းမယ်၊ အရက်ပုန်းက ပြစ်ဒဏ်သေးသေးလေး၊  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ စွဲမှာ ၃၀(က) နဲ့ဆိုရင် ထောင်ဒဏ် ၁ နှစ်ဘဲ၊ ဒီနေ့တင်ရင် ဒီနေ့ရုံးချိန်း ဒီနေ့အမိန့်ချမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။ 

ယင်းအပြင် လက်ရှိဖြစ်ပေါ်နေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid 19 ကြောင့်  သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍာပ်ဖြင့် ရေပက်ခြင်းတို့ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်  ဧပြီ ၆ ရက်နေ့စာရင်းအရ  Covid 19 ပိုးတွေ့ရှိသူ ၂၂ ဦး၊ သံသယစောင့်ကြည့်လူနာ ၇၄၆ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့သော်လည်း မွန်ပြည်နယ်မှသံသယလူနာများနှင့် စောင့်ကြည့်သူများ၌ ရောဂါပိုးလုံးဝမတွေ့ရှိသေးကြောင်း သတင်းရရှိသည်။

Photo- မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts